Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေတစီးကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီး
DVB
·
September 24, 2013
မြန်မာရေပိုင်နက်ထဲ ၀င်ရောက်ခဲ့တဲ့ ထိုင်းငါးဖမ်းလှေတစီးကို  မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးတိုက်ခိုက်မှုကြောင့် ထိုင်းရေလုပ်သားတွေ ကပ္ပလီပင်လယ်ထဲကို ထွက်ပြေး ခဲ့ပြီးတဲ့နောက်မှာတော့ သင်္ဘောကပ္ပတိန် ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က လူ ၁၄ ဦး ပါဝင်တဲ့ ထိုင်း ငါးဖမ်းသင်္ဘောဟာ ရနောင်းခရိုင် အနီး ရေမိုင် ၂ မိုင်လောက်မှာ မြန်မာရေတပ်ရဲ့ တိုက်ခိုက်တာကို ခံရပြီးတဲ့နောက် သင်္ဘောကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သင်္ဘောသား ၁၄ ဦးကတော့ ပစ်ခတ်မှုကြောင့် ရေထဲကို ခုန်ချခဲ့ပေမယ့် ကပ္ပတိန်ဖြစ်သူ ကတော့ သဘောင်္ပေါ်မှာ ကျန်ရစ်ခဲ့တဲ့အတွက် ပျောက်ဆုံးနေပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာဟာ ၂ နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာဖြစ်ပြီး  ရေလုပ်သားတွေကို အနီးနားမှာ စခန်းချထားတဲ့ ထိုင်းရေတပ် သဘောင်္က ပြန်ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောနဲ့ ကပ္ပတိန်ကိုတော့ ကော့သောင်းမှာ မြန်မာ အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ သတင်းထုတ်တဲ့အချိန်ထိတော့ သင်္ဘော ကပ္ပတိန်က သေသလား၊ ရှင်သလား အတည်မပြု နိုင်သေးသလို ထိုင်းကို မြန်မာဘက်က သင်္ဘောပြန်ပေး မပေးလည်း အတည်မပြုနိုင်သေးဘူးလို့  ရိုက်တာသတင်းက ရေးပါတယ်။ ဒီဖြစ်ရပ်မဖြစ်ခင်ကလေးမှာတင် မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းကို အလည်အပတ်ခရီး ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်စစ် ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါသေးတယ်။ ဒီခရီစဉ်အတွင်း မြန်မာ ကာကွယ်ရေးဦးစီးချုပ်က  ထိုင်းမြန်မာ ၂ နိုင်ငံ ဆက်ဆံရေးဟာ သမိုင်းတလျှောက် အရင်းနှီးဆုံးလို့ ပြောဆိုခဲ့တဲ့အပေါ် ခုဖြစ်ရပ်ကြောင့်  အနည်းငယ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024