လီဗာပူးက စပါးအသင်းကို (၃-၁) ဂိုးဖြင့်နိုင်ပြီး ထိပ်ဆုံး ၄ သင်း စာရင်း ဝင်လာ

ဒီကနေ့ မနက် ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းက စပါးအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ လီဗာပူးအသင်းဟာ စပါးနဲ့ပွဲမှာတော့ အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲပြန်ရှာ တွေ့ခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူးဖေမီနိုက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း အာနိုးလ်က လီဗာပူးအတွက် ဒုတိယဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
၂ မိနစ်အတွင်းမှာပဲ စပါးကွင်းလယ်လူ ဟော့ဘယက်ချ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သေးပေမယ့် ပွဲချိန် ၆၅ မိနစ်မှာ မာနေးက လီဗာပူးလ်အသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးသွင်းယူသွားခဲ့ တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် လစ်ဗာပူးအသင်းက ရမှတ် ၃၇ မှတ်နဲ့ လက်စတာ ၊ မန်ယူနဲ့ မန်စီးတီးအသင်းတွေကို ဖိအားပေးနိုင်ခဲ့ ပါတယ်။
စပါးအသင်းကတော့ အနိုင်ရမယ်ဆိုရင် အဆင့်လေးကိုတက်လှမ်းနိုင်မှာဖြစ်ပေမယ့် ရှုံးပွဲ တွေ့ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူးအသင်းဟာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းစာရင်းကို ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုလို နိုင်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဘာလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့ နည်းပြ ကလော့ပ်က ကြုံးဝါးခဲ့ပါတယ်။
အခုဆို ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ဇယားထိပ်က မန်စီတီးအသင်းထက် တစ်ပွဲပို ၄ မှတ်ကွာ အနေအထားကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က လီဗာပူးအသင်းအတွက် ၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံး အဖြစ်လိဂ်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဘန်လေနဲ့ ယူနိုက်တက်အသင်းတို့ကို ၂ ပွဲဆက်ရှုံးနိမ့်မှုကနေ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဒဏ်ရာပြဿနာတွေရှိခဲ့တာကတော့ သတင်းဆိုးပါပဲ။
“ကျနော်တို့ မှန်ကန်တဲ့ အချိန်မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ဂိုးတွေပါ။ အသင်းရဲ့ပုံစံ ကောင်းဆိုတာထက် အသင်းက ဘာလဲဆိုတာ ပြသနိုင်ခဲ့တာပါ။ မြန်မြန်ဆန်ဆန် ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခံစစ်ကစားပုံကလည်း ကောင်းခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ ပုံစံမျိုးလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။
စပါးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစကတည်းက နှစ်ဘက်ကစားသမားတွေ အပြန်လှန်လွဲချော်မှုရှိခဲ့လို့သာ စောစောစီးစီး ဂိုး မရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး တစ်ဂိုးဟာ VAR နဲ့ ပယ်ဖျက်ခြင်းခံခဲ့ ရသလို ဆာလတ်ရဲ့ သွင်းဂိုး တစ်ဂိုးဟာလည်း VAR ကြောင့် နစ်နာခဲ့ရပါတယ်။