Home
နိုင်ငံရေး
ကရင်နှင့် ပဲခူးနယ်စပ်တွင် စစ်‌ဘေးရှောင်ပြည်သူ ၅,၀၀၀ နီးပါးရှိလာ
DVB
·
January 28, 2021

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး နယ်စပ်မှာ  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်တွေနဲ့ တပ်မတော်အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်  ဒေသခံ ရွာသား ၅,၀၀၀ လောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်လူမှုအဖွဲ့စည်းတွေထံက သိရပါတယ်။

ကျောက်ကြီးစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စောနိုဗယ်က “ ကျောက်ကြီးမြို့နယ် အနီးတဝိုက်မှာ စစ်ဘေးရှောင် ၁၀၀၀ လောက်ရှိတယ်။ ဖာပွန်ခရိုင် မူသဲခိုဘက်ကပိုများပြီး ၄၀၀၀  ကျော်‌ ရှိနေတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ ချိတ်ဆက် ကူညီပေးနေပါတယ်။ ဟိုတစ်နေ့က ပဲခူးတိုင်း ကရင်ဝန်ကြီးက  စားနပ်ရိက္ခာနဲ့အသုံး အဆောင်တချို့  လာထောက်ပံ့သွားတယ်” လို့  ပြောပါတယ်။

အခုဇန်နဝါရီလအတွင်း တပ်မတော်နဲ့ ကေအန်ယူ ကရင်လက်နတ်ကိုင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတချို့ ရှိခဲ့တာကြောင့် ဒေသခံရွာသားတချို့ သေနတ် ထိမှန်သေဆုံး ထိခိုက်ဒဏ် ရာရတာတွေရှိခဲ့ပြီး  နှစ်ဘက် အပြန်အလှန်စွပ်စွဲပြစ်တင်တာတွေလည်း ရှိခဲ့ပါတယ်။

ခုရက်ပိုင်းအတွင်း ကေအန်ယူတပ်မဟာ ၃ ၊ တပ်မဟာ ၅ နဲ့ တပ်မတော်တို့ကြား ထိတွေ့မှု ပိုမိုများလာပေမဲ့ နှစ်ဖက်တိုက်ပွဲ တိုက်ရိုက်ထိတွေ့မှုမဟုတ်ဘဲ အပြန်အလှန် မှန်းဆ ပစ်ခတ်နေတာသာဖြစ်လို့ ထိခိုက်ဒဏ်ရာရတာ မကြားသိရသေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။

ကျောက်ကြီးမြို့နေ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးမိုးကြီးက “ ဖာပွန်နဲ့ကျောက်ကြီး ထိစပ်နယ်မြေက ကျေးရွာတွေမှာ ပြန့်ကျဲနေတယ်။ အခုကူညီကယ်ဆယ်ရေးတွေ ဝင်ချင်ပေမဲ့ တိုက်ရိုက်ဝင်ခွင့်မပေးသေးဘူး။ စားရေး သောက်ရေးက မလုံလောက်တာတော့ အမှန်ပဲ” လို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၃ နယ်မြေနဲ့ တပ်မဟာ ၅ နယ်မြေတို့မှာ လွန်ခဲ့တဲ့ တစ်နှစ်‌ကျော်လောက်ကစတင်ပြီး တပ်မတော်က လမ်းဖောက်လုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နှစ်ဖက်သဘောထားတင်းမာနေတာဖြစ်ပါတယ်။

အခုလ ၁၅ ရက်နေ့က နှစ်ဘက် ထိပ်တိုက်‌ တွေ့ဆုံမှုတချို့ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅၀၀ လောက် နေရပ်စွန့်ခွာခဲ့ပြီးနောက် စစ်ဘေးရှာင်တွေ တစ်စတစ်စ ပိုမိုများပြားလာတာလို့  စစ်ဘေးရှောင် ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဖာပွန်ခရိုင် စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ စောခူးဘလူမူးက “ဖာပွန်ခရိုင်ဆို မူသဲခိုဘက်က စစ်ဘေးရှောင်ဦးရေက ပိုများတယ်။ လတ်တလော စားရေး၊ သောက်ရေး ဆိုပေမဲ့ ကြာလာရင် နေထိုင်ရေးအတွက်ပါလိုလာမယ်။ လက်ရှိ နှစ်ဘက်ပစ်ခတ်ကြတဲ့‌ ပေါက်ကွဲသံတွေ ကြားနေရဆဲပါ။” လို့ ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာ တပ်စွဲထားတဲ့ တပ်မတော်ရဲ့ တပ်စခန်းတွေ အမြန်ဆုံးရုပ်သိမ်းပေးဖို့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နယ်စပ်ကြားမှာရှိတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံရွာသားတွေဟာ မနေ့က စီတန်းလှည့်လည် ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ရဲထွဋ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024