မြေထဲပင်လယ်အရှေ့ပိုင်းဒေသအတွက် ကိုဗစ်ကာကွယ်ဆေး ၂၅ သန်းပေးရန် ကုလမျှော်မှန်း

ကုလသမဂ္ဂက ဦးစီးတဲ့ ကိုဗက်စ် ကာကွယ်ဆေး မျှဝေသုံးစွဲရေး အစီအစဉ်ဟာ မတ်လထဲမှာ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးဆေး ၂၅ သန်း ပေးဖို့ မျှော်လင့်ထားပါတယ်။

ဒါကြောင့် ဒီဇင်ဘာလတုန်းက မျှော်လင့်ထားတဲ့ ထိုးဆေးပမာဏကနေ ထိုးဆေးလုံးရေ ၃၅၅ သန်း အထိ တိုးလာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရာရှိ တယောက်က ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ကိုဗက်စ် အစီအစဉ်ကနေ ဒေသတွင်းကို ဖြန့်ဖြူးမယ့် ပထမဆုံး ထိုးဆေးတွေ ဖေဖော်ဝါရီလထဲမှာ ရောက်လာလိမ့်မယ်လို့လည်း WHO အရာရှိ ဝိုင်ဗန်ဟူတင်က သတင်းထောက်တွေကို ပြောပါတယ်။

WHO ရဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ စာရင်းထဲမှာ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေအပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမာလီယာနဲ့ ဂျီဘောင်တီ နိုင်ငံတွေလည်း ပါပါတယ်။

ဒီနှစ်ထဲမှာ ပိုဆင်းရဲတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေး ထိုးဆေး ၁ ဒသမ ၈ ဘီလီယံ ဖြန့်ဖြူးဖို့ ကိုဗက်စ် အစီအစဉ်က ရည်မှန်းထားပါတယ်။

ကိုဗက်စ် ကာကွယ်ဆေး ပထမလှိုင်းကနေ အကျိုးအမြတ်ရမယ့် နိုင်ငံတွေထဲမှာ မြေထဲပင်လယ် အရှေ့ပိုင်းက ငါးနိုင်ငံထက် မနည်း ပါဝင်တယ်။

နိုင်ငံစာရင်းကိုတော့ အတည်မပြုရသေးဘူးလို့ WHO အရာရှိ ရစ်ချာ့ဒ် ဘရန်နန်က ပြောပါတယ်။ လူဦးရေ ပိုများ၊ ဝင်ငွေပိုနိမ့်ကျပြီး ပိုအားနည်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရှိတဲ့ နိုင်ငံတွေကို ကိုဗက်စ် ကာကွယ်ဆေး ဖြန့်ဖြူးရာမှာ ဦးစားပေး သွားမယ်လို့ အရာရှိတွေက ပြောပါတယ်။

မြေထဲပင်လယ်အရှေ့ပိုင်းက ၈ နိုင်ငံမှာတော့ ကာကွယ်ဆေး စထိုးပေးနေပါပြီ။ ဒေသတွင်း ဆယ်နိုင်ငံကတော့ တမျိုးထက်ပိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေ တွေ့ထားကြောင်း အထောက်အထား ရှိခဲ့ပြီးပြီ ဒီမျိုးကွဲ တွေကလဲ ထပ်ပြီး ကူးစက်သွားပြီ ဖြစ်ပုံရတယ်လို့ ဘရန်နန်က ပြောခဲ့ပါတယ်။

 ကိုဗက်စ် ကာကွယ်ဆေးမျှဝေရေး အစီအစဉ်ကို ဂါဗီ ကာကွယ်ဆေး မဟာမိတ်အဖွဲ့၊ WHO နဲ့ တခြားအဖွဲ့တွေ ဦးဆောင် ပါဝင်ပြီး ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေကို အညီအမျှ လက်လှမ်းမီနိုင်ရေး သေချာစေဖို့ ပုံစံထုတ် ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up