မန်ယူအသင်း ရှက်ဖီးလ်ကို (၁-၂) ဂိုးဖြင့်ရှုံး၊ အရှုံးရလဒ်က ရုန်းထွက်ရန် မက်ဂွဲယား တိုက်တွန်း

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ ရှက်ဖီးလ်အသင်းကို  ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်  အရှုံးရလဒ်ကနေ ချက်ချင်းရုန်းထွက်ကြဖို့ သင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲယားက အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ကီရန်ဘရိုင်ယန်နဲ့ အိုလီဗာဘာရီတို့က ဧည့်သည်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ဒီဂိုးတွေကြောင့်ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်ခဲ့ရပါတယ်။ 

ပွဲချိန် ၂၃ မိနစ်ကတည်းက ရှက်ဖီးက ဘရိုက်ယန်က ဦးဆောင်ဂိုးစသွင်းခဲ့ ပြီးပွဲချိန် ၅၄ မိနစ်မှာ နောက်ခံလူ မက်ဂွဲယားက ချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာ ရှက်ဖီးအသင်း အနိုင်ဂိုးရခဲ့ပြီး အိုလီဗာဘာ့ခ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ 

မက်ဂွဲယားရဲ့ ၆၄ မိနစ်သွင်းဂိုးကြောင့် ယူနိုက်တက်ဘက်မှာ အနိုင်ရရှိရေး မျှော်လင့်ချက်ရှိခဲ့ပေမယ့်လည်း ရှက်ဖီးလ်အသင်းက အနိုင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာပါ။

ဒါ့ကြောင့်အသင်းခေါင်းဆောင် မက်ဂွဲယားက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေရေးအတွက် ယူနိုက်တက်အသင်းအနေနဲ့ ပုံစံကောင်းနဲ့ အမြန်ဆုံးပြန်လာဖို့ လိုအပ်တယ်လို့ဝန်ခံပါတယ်။ 

“ဒီပွဲဟာမကောင်းပါဘူး။ ကျနော်တို့ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပုံစံမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ ၂ ဂိုးပေးခဲ့ရပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဒီအရှုံးကနေ ရုန်းထွက်ဖို့လိုအပ်ပါတယ်။ ကျနော်တို့  ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် လုံလုံလောက်လောက်မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ပေးဆပ်ခဲ့ရပါတယ်” လို့ မက်ဂွဲယားကပြောပါတယ်။ 

နောက်တစ်ဂိုးသွင်းဖို့လိုအပ်နေတယ်ဆိုတာကိုသိရှိပြီး ဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်မှုရှိခဲ့ပေမယ့် လုံလောက်တဲ့စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့ပါဘူးလို့လည်း ပြောပါတယ်။

ပွဲရလဒ်ကို ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း  ဒေါသထွက်နေပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း နစ်နာခဲ့ရတယ်လို့ပြောပါတယ်။ “ စိတ်ပျက်မိပါတယ်။ ကျနော်တို့ ပိတ်ကစားတဲ့အသင်းတွေကို ကျော်လွှားဖို့အဖြေမရှာနိုင်ခဲ့ပါဘူး။ ဒိုင်လူကြီးဆီက ဆုံးဖြတ်ချက် အမှား နှစ်ခုကလည်း  ဒီပွဲမှာပြောစရာဖြစ်ခဲ့ပါတယ်” ဆိုးလ်ရှားကထောက်ပြဝေဖန်ခဲ့ပါတယ်။ 

ဒီပွဲအပြီးမှာ မန်ယူအသင်းဟာ ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာ   ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား ဒုတိယနေရမှာဆက်ရပ်တည် နေပါတယ်။

အမှတ်ပေးဇယားအောက်ခြေမှာရှိနေတဲ့ ရှက်ဖီးလ်အသင်းအတွက်တော့ မန်ယူကိုအနိုင်ရတဲ့ပွဲဟာ  ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်ကနေ လွတ်ကင်းမယ့် အဆင့် ၁၇ က ဘရိုက်တန်နဲ့ ၁၀ မှတ် ကွာဟနေဆဲဖြစ်ပါတယ်။ 

တခြားပွဲစဉ်တွေမှာတော့ ဘန်လေက ဗီလာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချဲလ်ဆီးနဲ့ ဝုဗ်က ဂိုးမရှိသရေ၊ ဘရိုက်တန်နဲ့ ဖူဟမ်ပွဲကလည်း ဂိုးမရှိသရေကျခဲ့ပြီး  အဲဗာတန်နဲ့ လက်စတာပွဲက တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up