Home
မြန်မာသတင်း
မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ပစ်ရန် ကာချုပ်ပြော
DVB
·
January 28, 2021

ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက် မနက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ  နည်းပြအရာရှိကြီးတွေ သင်တန်းသား အရာရှိကြီးတွေကို  Video Conferencing နဲ့ တွေ့ဆုံအမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။  ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ  တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်။”

ဥပဒေကို ကိုယ်လိုရာဆွဲပြီး ပြောဆိုနေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်တဲ့ တည်ဆဲဥပဒေတွေ အလေးထားလိုက်နာ သွားမယ်လို့လည်း ဆိုပါတယ်။

“ဥပဒေတစ်ခု ပြဋ္ဌာန်းပြီဆိုရင် ဒီဥပဒေကိုဘာကြောင့် ပြဋ္ဌာန်းလဲဆိုတာရှင်းရမယ်။ ပုဒ်မ တစ်ခုချင်းမှာလဲ သူရဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒီပုဒ်မ ဒီလိုအကြောင်းအရာ ဆိုထားတာ ဘာကိုရည်ရွယ်ပြီးရေးထားတာ ရှင်းလင်းချက်တွေရှိတယ်။ ဒီရှင်းလင်းချက် တွေက ဥပဒေထဲမှာလည်း မပါဘူး။သို့သော် နောက်ခံ ဆွေးနွေးတဲ့အထဲမှာ ပါလာတယ်။ အတည်ပြုထားတယ်။ ဒီအကြောင်းအရာတွေကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတယ်။ သူကတော့ အကျဉ်းပဲ။ ဥပဒေကတော့ အကျဉ်းပဲ။ ဒါပေမယ့်သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်တွေမှာ အကျယ်တွေရှိတယ်။ အဲ့တော့အဲဒီဥပဒေက အငြင်းပွားစရာဖြစ်လာပြီ ဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရတယ်။ ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုလို့မရဘူး။ သူရေးထားတာ ဘာကြောင့်ဒီလိုရေးထားတာလဲ။ တစ်ခါ အဲ့ဒီမှာ မြန်မာစာနဲ့ရေးတာရှိတယ်။ အင်္ဂလိပ်စာနဲ့ ဘာသာပြန်ပြီးတော့ ရေးထားတာ ရှိတယ်။ ဘယ်လိုစနစ်နဲ့ပဲရေးရေး မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ မြန်မာလိုရေးသားထားတဲ့ဟာကိုဘဲ အတည်ပြုထားတယ်။  ဒါကြောင့် အခုဆို ဥပဒေကို ဘာသာပြန်ပြီး ရေးထားတာတွေတွေ့ရတယ်။ ဒါလည်း မင်းတို့နားလည်ဖို့ပဲ။ ဒါကိုလည်း ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်စေတယ်။”လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ၊ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံ၊ ရိုးသားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်တယ်လို့လည်းပြောပါတယ်။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နဲ့ လူသားအရင်းအမြစ်များ ကောင်းမွန်ဖို့  အခြေခံအချက် ၄ ချက်နဲ့ ပြည့်စုံရန်လိုအပ်တယ်လို့လည်း ပြောပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေ တက်ရောက်ခဲ့ကြတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း နေပြည်တော်မှာ ဇန်နဝါရီ ၂၆ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ "တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်းမပြောဘူး။ ကျနော်တို့ ပြောနိုင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ကျနော်တို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

ဒီလိုပြောကြားချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေဆဲ တစ်ရက်အကြာမှာ " ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်" လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဥပဒေကို လေးစားလိုက်နာနေသမျှ အာဏာသိမ်းမှုမျိုးမဖြစ်နိုင်သလို မစိုးရိမ်ဘူးလို့လည်း အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။"ဥပဒေနဲ့ အညီလုပ်တာကို ကျနော်တို့မစိုးရိမ်ပါဘူး။ ဥပဒေလွန်ပြီးလုပ်ရင်လည်း လုပ်တဲ့သူ သဘောပါပဲ။ ကျနော်တို့ကတော့ ဖြစ်လာတဲ့အခြေအနေကိုဥပဒေနဲ့အညီပဲ ပြန်ရင်ဆိုရင်ရမှာပဲဖြစ်ပါတယ်"လို့ အန်အယ်လ်ဒီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024