Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
ရနောင်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာလုပ်သား ၄၀၂ ဦးကို နေရပ်ပြန်ပို့မည်
နန်းမြနဒီ
·
January 27, 2021

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သား ၄၀၂ ယောက်ကို နေရပ်ပြန်ပို့ဖို့  စီစဉ်ထားပြီး ပထမအသုတ်အနေနဲ့ ၁၆၆ ယောက်ကို ပို့ဆောင်သွားမယ်လို့ ရနောင်းမြို့တော်ဝန် ဆွန်ကီရက် ဆီဆနက်က ပြောပါတယ်။

အဆိုပါ မြန်မာလုပ်သား ၄၀၂ ယောက်ဟာ ထိုင်းနိုင်ငံတွင်း တရားမဝင်ဖြတ်ကျော် ဝင်ရောက်လာမှုအပါအဝင် အမျိုးမျိုးသော ပြစ်မှုတွေနဲ့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံး ကွာရန်တင်းစင်တာမှာ အချိန် ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားရတာဟာ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေအရ ပြန်လည်လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးတာကြောင့်မို့ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကတော့ ဖမ်းဆီးခံမြန်မာတွေက ရနောင်းမြို့တော်ဝန်ဆီ သူတို့ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် မြန်မာသံရုံးနဲ့ဆက်သွယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

       လက်ရှိမှာတော့ မြို့တော်ဝန်နဲ့ မြန်မာသံရုံးတို့ အကြား ဖမ်းဆီးထိန်းသိမ်းခံမြန်မာလုပ် သားတွေကို နေရပ်ပြန်ပို့နိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ပထမအသုတ်ကို ဒီကနေ့ စတင်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသူတွေကိုလည်း ဆက်လက်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးဟာ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်ကာ တယောက်မှာမှ ကူးစက်ခံထားရတာမျိုး မရှိဘူးလို့ ဆွန်ကီရက်က ပြောတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား-The Nation 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024