Home
မြန်မာသတင်း
မုံရွာ ညောင်ကိုင်းအင်းတွင် ဆောင်းခိုငှက်များ နည်းပါးလာ
DVB
·
January 27, 2021

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ညောင်ကိုင်းအင်းအတွင်းမှာ တနှစ်ထက်တနှစ် ဆောင်းခိုငှက်တွေ နည်းပါးလာတယ်လို့ သိရပါတယ်။

ညောင်ကိုင်းအင်းဟာ အရင်က  ဆောင်းခိုငှက်မျိုးစိတ်အစုံ လာရောက်နားခိုတဲ့အင်းဖြစ်ပြီး လူနေအိမ်တွေ ချဲ့ထွင်လာမှုတွေနဲ့ ငှက်မုဆိုးတွေကြောင့် လွန်ခဲ့တဲ့ ၄ နှစ်လောက်က စတင်ကာ တဖြည်းဖြည်း နည်းပါးလာရတာဖြစ်တယ်လို့ သိရပါတယ်။

မုံရွာမြို့ ဒေသခံ ကိုမောင်ညိုက "အရင်ကဆိုနှစ်တိုင်း ဆောင်းခိုငှက်မျိုးစုံလာတယ်။ အခုက လူနေအိမ်ခြေများလာတယ်၊ ဒါတွေကလည်း အင်းမြေကို အကွက်ရိုက်ရောင်းလာကြတာ၊ အဲ့ဒီတော့ ငှက်နားဖို့ ခြုံကိုင်းလည်း မရှိတော့ဘူး။ ‌အဆိုးဆုံးက ငှက်ထောင်တဲ့ မုဆိုးတွေပဲ။ ကောင်းကင်ပိုက်နဲ့ ထောင်နေကြတဲ့ လူတွေ ရှိတယ်။ တခါမိရင် အကောင် ၃၀ အထက်မှာရှိတယ်။ အဲ့ဒီတော့ ဘယ်ငှက်မှ သိပ်မလာရဲ ကြတော့ဘူး။ အရင်က ဒီအချိန် ရှားပါးငှက်မျိုးစုံလာတယ်။ အခုဆို တောဘဲတောင် သိပ်မမြင်ရတော့ဘူး" လို့  ‌ ပြောပါတယ်။

အရင်ကဆိုရင် ဆောင်းလာခိုကြတဲ့ ဗျိုင်းမျိုးစိတ်တွေ၊ ဟင်္သာ၊ တင်ကြီးငှက်၊ ဂျိုးကြာငှက်၊ တောဘဲ၊ ရေကြက်၊ ခရုတုပ်၊ ခရုစုပ်၊ ဒညှင်း စတဲ့ ငှက်အမျိုးစားတွေအပြင် တခြားရှားပါး ငှက်မျိုးစိတ်များစွာလည်း ညောင်ကိုင်းအင်းမှာ ထောင်နဲ့ချီ လာရောက်ကျက်စားလေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာနအနေနဲ့ ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရောင်းချတာတွေ မပြုလုပ်ဖို့ အသိပညာပေးမှုတွေရှိနေပေမယ့် ညောင်ကိုင်းအင်းအတွင်းမှာ‌ ကောင်းကင်ပိုက်တန်းထောင် ဖမ်းဆီးမှုလည်း  များပြားလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းမြေအကွက်ရိုက်ရောင်းတာတွေနဲ့ လူနေအဆောက်ဦ များပြားလာတာတွေ ကြောင့်လည်း ဆောင်းခိုငှက်တွေဟာ နားခိုတာမလုပ်ရဲတော့ဘဲ  တဖြည်းဖြည်း နည်းပါးလာရတယ်လို့လည်း ဆိုပါတယ်။

မုံရွာမြို့ခံ ဦးအောင်မြင့်က "အခုဟာ အလွန်ဆုံးရှိ ရေကြက်နဲ့ ဘဲလောက်ပဲ ရှိတော့မယ်။  ကျူးကျော်အိမ်ခြေတိုးလာတာတွေရော၊ အင်းမြေကို မြေကွက်ရိုက်ရောင်းချလာတာတွေကြောင့် အဆောက်အအုံတွေ လုပ်လာကြတော့ တကယ့်ဆောင်းခိုငှက် ရှားပါးအကောင်ကြီးတွေက မဆင်းရဲ ကြတော့ဘူး။ သိပ်မကြာသေးခင်ကမှ ငါးလုပ်ငန်းဦးစီးဌာနက အင်းထဲ မြေကွက်ရိုက် မရောင်းချဖို့ ဆိုင်းဘုတ်တွေ လာထောင်ထားတယ် " လို့ ပြောပါတယ်။

ညောင်ကိုင်းအင်းကို အခုလိုရာသီချိန်မှာ ရှားပါးငှက်မျိုးစိတ်တွေ လေ့လာသူတွေအနေနဲ့ ‌လာရောက်လေ့လာနိုင်စရာနေရာအဖြစ် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိန်းသိမ်းပံ့ပိုးပေးဖို့ရာ မုံရွာမြို့ ဒေသခံပြည်သူတွေက လိုလားနေကြပါတယ်။

‌မုံရွာမြို့ရှိ ညောင်ကိုင်းအင်းဟာ ထန်းတောရပ်ကွက်နဲ့ ပြည်ထောင်စုလမ်းဘေးမှာတည်ရှိပြီး အင်းဧရိယာဟာ ဧက ၃၀၀ ကျော် ကျယ်ဝန်းပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024