တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ တရားမဝင် ဖွင့်လှစ် လုပ်ကိုင်နေကြတဲ့ လိုင်စင်မဲ့ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေကို အခုလကုန် နောက်ဆုံးထားပြီး ပိတ်သိမ်းကြဖို့နဲ့ မပိတ်သိမ်းရင် အရေးယူမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။
တောင်ငူခရိုင်ပုဂ္ဂလိက စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ အဓိကကတော့ ဘက်ထရီ ပန့်ဆိုင်တွေနဲ့ တရားဝင်လိုင်စင်မကျသေးခင် ဖွင့်လှစ်နေကြတဲ့ စက်သုံးဆိုင်တွေပါ။ အခုလမကုန်မီကတည်းက နို့တစ်စာတွေ ပေးပို့ထားသလို အဖွဲ့စုံနဲ့လည်း သတိပေးမှုတွေလုပ်နေပါတယ်”လို့ ပြောပါတယ်။
အဆိုပါ တရားမဝင် ပုဂ္ဂလိကစက်သုံးဆီဆိုင်စာရင်းတွေ၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ဦးစီးဌာနရဲ့ ကြီးကြပ်စစ် ဆေးမှုအရ စစ်ဆေးတွေ့ရှိပြီး တနိုင်ငံလုံးမှာတရားမဝင် လိုင်စင်မဲ့ရောင်းချနေတဲ့ ပုဂ္ဂလိကဆီဆိုင်ပေါင်း ၅၀၀၀ နီးပါးရှိနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
တရားမဝင် စက်သုံးဆီဆိုင် ဖွင့်လှစ် လုပ်ကိုင်သူတွေဟာ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ (၃၀) နဲ့ ငြိစွန်းနေတာကြောင့် အခုနှစ်ကုန် နောက်ဆုံးထား ပိတ်သိမ်းဖို့ ညွှန်ကြား လိုက်တာဖြစ်ပြီး ဆောင်ရွက်ခြင်းမရှိပါက ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိနို့တစ်ပေးပို့ထားတဲ့စာရင်းအရ ပဲခူးတိုင်းမှာ ရာဂဏန်းလောက်သာရှိပေမယ့် ထောင်ဂဏန်း အထက်ရှိနိုင်တယ်လို့ ပဲခူးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးသန်းထွန်းဦးက ပြောပါတယ်။
တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်လုပ်ကိုင်လိုသူတွေ အနေနဲ့ ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနထံသို့ လုပ်ထုံးလုပ်နည်း စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ တရားဝင်လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
သတင်း - ရဲထွဋ်