မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒီနေ့မနက် စတင် ထိုးပေးနေပြီး နိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံတာကို ဖေဖော်ဝါရီ ၅ ရက်မှာ စတင်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေလည်း ပြည်သူတွေနဲ့အတူ စတင်ထိုးပေးသွားမယ်လို့ဆိုပါတယ်။
နိုင်ငံအနှံ့က ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ဒီနေ့ မနက်ပိုင်းက စလို့ စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ရသူ ကတော့ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းသူနာပြု ဒေါ်အေးမူမူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံကို ပေးအပ်လှူဒါန်းတဲ့ COVISHIELD / Astrazeneca ကာကွယ် ဆေးအရေအတွက် ၁ ဒသမ ၅ သန်းကို ဇန်နဝါရီ ၂၂ ရက်မှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
ဆေးထိုးမဲ့ အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းမှာ ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဒီကနေ့ စတင်ထိုးနှံပေးနေတာဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၃၀ ရက်နေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် တနိုင်ငံလုံး ထိုးနှံရာမှာတော့ မိမိအိမ်မှာ နေထိုင်ရေးအစီအစဉ်(Stay at home) နဲ့ အကျုံးဝင်တဲ့ မြို့နယ်တွေမှာ နေထိုင်ပြီး အသက်ကြီးသူတွေ၊ တခြား ရောဂါအခံရှိသူ တွေနဲ့ ရောဂါရဖို့ လွယ်တဲ့ လူအုပ်စုတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်ပါတယ်။
ပြီးတော့ ကာကွယ်ဆေးရရှိတဲ့ အရေအတွက်အပေါ် မူတည်ပြီး Stay at home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေထဲက ကူးစက်ဖြစ်ပွားတာများတဲ့ မြို့နယ်တွေ၊ နေရာဒေသတွေကို ဦးစားပေး ရွေးချယ်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ မြို့နယ်တွေ ရပ်ကွက်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေက လတ်တလောမှာ စာရင်းတွေလိုက်လံ ကောက်ခံနေပါတယ်။
ကာကွယ်ဆေးထိုးဖို့အတွက် မြို့နယ်အလိုက် စုရပ်တွေသတ်မှတ်မှာဖြစ်ပြီး စုရပ်တခုစီမှာ တရက် လူ ၁၀၀ လောက်ပဲ ထိုးနှံပေးနိုင်မယ်လို့ ကျန်းမာရေးဌာနရဲ့ ပိုစတာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေး သန်း ၃၀ ထဲက ဖေဖော်ဝါရီ ပထမအပတ်မှာ ကာကွယ်ဆေးအကြိမ်ရေ ၂ သန်းလောက် စတင်ရောက်ရှိမယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးအစီအစဉ် COVAX facility က ထောက်ပံ့မယ့် ကာကွယ် ဆေးတွေကတော့ မတ်လမှာ စတင်ရောက်လာမှာဖြစ်ပြီး ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေဟာ ဧပြီလမှာ လစဉ် အသုတ်လိုက် ဆက်လက်ရရှိသွားမယ်လို့ ဆိုပါတယ်။