ချင်းပြည်နယ် ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ
နော်နိုရင်း
·
September 23, 2013
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို သွားတဲ့ ပခုက္ကူ မင်းတပ်လမ်းပေါ်ရှိ သဲချောင်း တံတားကြီးတွေ တောင်ကျရေတွေကြောင့် မျောပါကုန်တဲ့အတွက် လမ်းပန်းဆက်သွယ် ရေးပြတ် တောက်နေပါတယ်။
မင်းတပ်မြို့နယ်ဘက်မှာ မိုးများပြီး ရေကြီးခဲ့မှုကြောင့် လမ်းတွေ တံတားတွေ ပျက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာ တလလောက်ရှိပြီးလို့ မင်းတပ်မြို့ တောင်ပုလုဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။
“မင်းတပ်ဘက်က ရေကြီးတာကတော့ လျော့ပါးသွားပါပြီ။ လမ်းတွေက ဆိုးနေတာ ပျက်နေတာ တလလောက်ရှိပြီ ကားတွေက လုံးဝသွားမရဘူး။ ဆိုင်ကယ် ကယ်ရီနဲ့ သွားမယ်ဆိုရင် ၇ သောင်းပေးရတယ်။”
လမ်းပန်းဆက်သွယ်ရေးခက်ခဲ့မှုကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပြီး ချင်းပြည်နယ်မှာ တက္ကသိုလ်၊ ကောလိပ်မရှိလို့ ပခုက္ကူမှာ အဝေးသင် တက္ကသိုလ် သွားတက်ရတဲ့ ကျောင်းသူသားတွေလည်း အခက်အခက်အခဲ တွေ့နေပါတယ်။
ဒါ့ကြောင့် နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ ကွင်းဆင်းစစ် ဆေးပြီး လမ်းတံတားတွေ ပြန်လည် တည်ဆောက်ပေးသင့်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း ယောချောင်းကို ကျော်ဖြတ်တည်ဆောက်ထားတဲ့ အုန်းတောတံတားနဲ့ ချင်းပြည် နယ် မြောက်ဘက် ရေပြာတံတားလည်း ပြီးခဲ့တဲ့ ၂၀၁၁ ခုက မျောပါသွားတာ ပြန်လည်ပြု ပြင်ခြင်းမရှိတဲ့အတွက် သွားလာဖို့အတွက် လှေတွေ အသုံးပြုနေရ တယ်လို့ ဆိုပါတယ်။
ဒီလို တံတားမရှိလို့ သွားလာတဲ့အတွက်လည်း ပြီးခဲ့တဲ့နှစ်က စာပေးစာယူသွားတဲ့ ကျောင်းသူ ကျောင်းသား ၁၅ ဦးရေနစ်သေဆုံးမှု ရှိခဲ့ဖူးပါတယ်။ Read more