Home
မြန်မာသတင်း
နယူးဇီလန်၌ အလုပ်ရမည်ဆိုကာ ကျပ်သိန်း ၁၀၀၀ ကျော် လိမ်ခဲ့သည့် လင်းဝိဇ္ဇာအေဂျင်စီကို အမှုဖွင့်
DVB
·
January 26, 2021

နယူးဇီလန်နိုင်ငံရှိ ရေသန့်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်သမား ၅၀ ကျော်ဆီက ငွေကျပ်သိန်း ၁၀၀၀ ကျော်  လိမ်လည်သွားတဲ့ လင်းဝိဇ္ဇာအေဂျင်စီကို ဇန်နဝါရီ ၂၅ ရက်နေ့က တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ပုဒ်မ(၂၆)နဲ့ အမှုဖွင့် လိုက်တယ်လို့ လိုက်ပါကူညီပေးနေတဲ့ CTUM ရွှေ့ပြောင်းအလုပ်သမားဌာနတာဝန်ခံ ကိုဟိန်းလတ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ နယူးဇီလန်အလုပ်ရှာဖွေရေးနာမည်နဲ့ ချိတ်ဆက်မိခဲ့ကြပြီး သွားရောက်အလုပ်လုပ်ကိုင်ဖို့ တစ်ဦးကို ငွေကျပ် ၂၃ သိန်းခွဲ ပေးချေရမှာဖြစ်ကာ ၃ လ အတွင်းမသွားရရင် ငွေပြန်အမ်းမယ်လို့ လင်းဝိဇ္ဇာအေဂျင်စီက ပြောဆိုလိမ်ညာခဲ့ကြောင်း လိမ်လည်ခံရသူ တွေထံက သိရပါတယ်။ 

စာချုပ်ချုပ်ဆိုပြီးပေမယ့် ၁၁ လကျော်ကြာတဲ့အထိ ပို့ဆောင်ပေးတာ မရှိတဲ့အပြင် လင်းဝိဇ္ဇာ အေဂျင်စီ တာဝန်ရှိသူတွေရဲ့ နေအိမ်၊ရုံးခန်းတွေ ပြောင်းရွှေ့ပိတ်သိမ်းလိုက်တဲ့အတွက်ကြောင့် လိမ်လည်ခံရသူများက ရဲစခန်းမှာအရင်အမှုဖွင့်ခဲ့ကြကာ ရဲစခန်းက ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီပုဒ်မဟာ အာမခံရရှိနိုင်တဲ့အမှုဖြစ်ပြီး ပြစ်ဒဏ်နည်းတဲ့အတွက်ကြောင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ပုဒ်မ(၂၆)နဲ့ ပြောင်းလဲအမှုဖွင့်ဖို့ တောင်းဆိုပေးခဲ့တာလို့ CTUMရွှေ့ပြောင်းအလုပ်သမားဌာနတာဝန်ခံ ကိုဟိန်းလတ်က ပြောပါတယ်။ 

ဒါ့အပြင် လင်းဝိဇ္ဇာအေဂျင်စီဟာ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ပြီး ပြည်ပ ၂၆ ပုဒ်မနဲ့ အမှုဖွင့်ထားတာကို လက်ခံတရားစွဲမယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်ကျခံရမှာဖြစ်ပြီး အာမခံလည်း မရရှိနိုင်တဲ့အမှု ဖြစ်ပါတယ်။ 

လက်ရှိမှာ လိမ်လည်ခံရသူထဲက ၅  ယောက်က  တရားလိုလုပ်ပြီး အေဂျင်စီတာဝန်ရှိသူတွေကို အမှုဖွင့်ထားကြပါတယ်။

သတင်း - Ei Thazin Khine၊ 

ဓာတ်ပုံ - Ko Hein Latt

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024