Friday, June 9, 2023
HomeLead Storyလင်ဂတ်ကို အငှားခေါ်ယူနိုင်ရန် ဝက်စ်ဟမ်း ထိပ်ဆုံးမှရေပန်းစား

လင်ဂတ်ကို အငှားခေါ်ယူနိုင်ရန် ဝက်စ်ဟမ်း ထိပ်ဆုံးမှရေပန်းစား

လင်ဂတ်ကို အငှားခေါ်ယူဖို့ ဝက်စ်ဟမ်းက ထိပ်ဆုံးမှရေပန်းစားနေပေမဲ့ လင်ဂတ်အနေနဲ့ အခုချိန်အထိ ဘယ်အသင်းနဲ့အတူ လက်ကျန်ပွဲစဉ်တွေကို ဖြတ်သန်းရမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ 

လင်ဂတ်ဟာ မန်ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပြီး ဒီရာသီမှာ ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရထားကာ လိဂ်ပွဲစဉ်တွေမှာတာ့ လုံးဝကစားရခြင်း မရှိသေးပါဘူး။

ဆိုးလ်ရှားအနေနဲ့ ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာရှိနေဆဲ ဖြစ်တာကြောင့် တောင့်တင်းတဲ့ လူစာရင်းကို အလိုရှိနေပြီး အသက် ၂၈ နှစ်အရွယ် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ ယူဆကြပါတယ်။ 

ဒါပေမဲ့ ကစားသမားနဲ့ နည်းပြကြား စကားပြောဆိုမှု ပြုလုပ်ပြီးချိန်မှာတော့ လင်ဂတ်ကို အငှားထွက်ကစားဖို့ ခွင့်ပြုလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြည်တွင်းက ရှက်ဖီးလ်၊ ဝက်စ်ဘရွန်းအသင်းတွေအပြင် ပြည်ပကလပ်တွေကပါ လင်ဂတ်ကို အလိုရှိနေပြီး ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ကစားသမားက ဆန္ဒရှိနေကာ သူ့ကို အငှားခေါ်ဖို့ ကိစ္စမှာ ဝက်စ်ဟမ်းအသင်းက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့ တဘက်မှာလည်း လင်ဂတ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းအကြား ဆွေးနွေးမှုတွေဟာ မပြီးပြတ်နိုင်သေးဘဲ ကစားသမားအနေနဲ့ကလည်း သူ့ရဲ့ ပွဲကစားခွင့်အတွက် အခုသီတင်းပတ်အတွင်းမှာ အပြီးသတ်ရလဒ် ထွက်ပေါ်လာစေချင်နေတယ်လို့ သိရပါတယ်။

“လင်ဂတ်ဟာ ဒီမနက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့် ပွဲကစားမယ့်စာရင်းမှာ ပါဝင်မှာတော့ မဟုတ်ပါဘူး” လို့ လီဗာပူးလ်နဲ့ အက်ဖ်အေဖလားမတိုင်ခင်မှာ ဆိုးလ်ရှားက ပြောပါတယ်။ 

“သူ ပွဲကစားချင်နေတာ သေချာတာပေါ့။ ဒါကြောင့် ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ ဆွေးနွေး ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အခုချိန်အထိ သူဟာ ပရော်ဖက်ရှင်ကစားသမားပီသစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ လူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတချို့နဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံပြီး အဖြေရှာရပါမယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူ ဖြစ်ကာ အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားထားပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ရာသီကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

သူဟာ အိုးထရက်ဖို့ဒ်မှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခံခဲ့ရတဲ့ ကစားသမား ဖြစ်ပေမဲ့ ပွဲထွက်ခွင့်မရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပြီးဆုံးဖို့ နီးကပ်လာချိန်အထိ ကစားသမားသစ် ခေါ်ယူဖို့ကိစ္စကို လက်ရှောင်ထားပေမယ့် ဂိုးသမား ရိုမီရိုနဲ့ နောက်ခံလူ ရိုဂျိုတို့ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular