နေပြည်တော်မှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးမှာ ဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ဇန်နဝါရီ ၂၃ ရက်က ရောက်ရှိလာခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ နေပြည်တော်ကို တရက်နောက်ပြီး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကမှ ရောက်ရှိလာခဲ့တာပါ။
ဒါ့ကြောင့် ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ကိုလည်း တစ်ရက်နောက်ဆုတ်ပြီး ဇန်နဝါရီ ၂၇ ရက်မှ စတင်ထိုးပေးမှာဖြစ်တယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“နေပြည်တော်ကို ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီမှာ ကာကွယ်ဆေးတွေ ရောက်ပါပြီ။ မနက်ဖြန်က စပြီး ကျန်းမာရေးဝန်ထမ်းတွေကို စထိုးမယ်။ပြီးရင် အစီအစဉ်အတိုင်း ထိုးနိုင်အောင် လုပ်သွားမှာဖြစ်ပါတယ်။ ”
နေပြည်တော်မှာ မြို့နယ်ဆေးရုံ၊ အထူးကုဆေးရုံ၊ အထွေထွေရောဂါကုဆေးရုံတွေက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး အားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုး ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးကိုတော့ ၂ ကြိမ်ထိုးရမှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်ဖို့အတွက် ကိုယ်ခံအားကို တက်စေနိုင်ဖို့ ထိုးရတာဖြစ်တယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“ဒီကာကွယ်ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကိုယ်ခံအားကိုတက်စေဖို့အတွက် ထိုးတာဖြစ်ပါတယ်။ ကာကွယ်ဆေးက ၂ ကြိမ်ထိုးရပါမယ်။ ၂ ကြိမ်ထိုးပြီးတဲ့အခါမှာတော့ ကိုယ်ခံအားက ရှိလာပြီပေါ့။ဒါဆိုရင် ဗိုင်းရပ်စ်ဝင်ရင် တော်ရုံတန်ရုံကူးစက်မှုကို ဟန့်တားနိုင်မယ့် အနေအထားဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက အကျိုးရှိသလားဆိုရင် အတိုင်းအတာတစ်ခုထိတော့ အကျိုးရှိပါတယ်။ ဒါကြောင့်မို့လို့လည်း တကမ္ဘာလုံးမှာ သုံးနေကြတာပေါ့လေ” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပြီး နောက်တစ်နေ့မှာတော့ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါဝင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။