Monday, May 29, 2023
HomeCOVID19ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် မြန်မာနိုင်ငံတွင် မတွေ့ရသေး

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် မြန်မာနိုင်ငံတွင် မတွေ့ရသေး

ပိုပြီး မြန်မြန်ကူးစက်နိုင်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို အခုအချိန်အထိ မြန်မာနိုင်ငံမှာ မတွေ့ရသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲ နိုင်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တာကိုလည်း သတိပြုရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် များရင် ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းဖို့ အခွင့်အလမ်း ပိုများပြီး ကူးစက်သူအရေအတွက်နည်းရင်တော့ ဗီဇပြောင်းဖို့ အခွင့်အလမ်းနည်းသွားမှာဖြစ်လို့ ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျလိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့မှာ စတင်တွေ့ရှိပြီး အခုတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်နေပြီဖြစ်တဲ့ VOC-202012/01 (lineage B.1.1.7)၊ 501.V2 နဲ့ P618H တို့ဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိ ဂျော်ဒန်နိုင်ငံမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးကိုတော့ တွေ့ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular