တရက်အတွင်း Youtube ပေါ် ကြည့်ရှုသူ ၂၂ သန်းကျော်ရှိနေသည့် Godzilla vs. Kong ရုပ်ရှင် (နမူနာ)

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မွန်းစတားရုပ်ရှင် Godzilla vs. Kong Trailer ကို တရက်အတွင်း Youtubeပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၂ သန်း ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Godzilla vs. Kong ရုပ်ရှင်ကို  You're Next ၊ The Guest ၊ Death Note စတဲ့ သွေးပျက်ထိတ်လန့်စရာ နာမည်ကျော်ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Adam Wingard က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Alexander Skarsgård ၊ Millie Bobby Brown ၊ Rebecca Hall တို့နဲ့ တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။

အစကတော့ ဒီကားကို ပြီးခဲ့တဲ့နှစ်ကတည်းက ရုံတင်ပြသနိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် ရုံတင်ရက် အကြိမ်ကြိမ် ရွှေ့ဆိုင်းထားခဲ့ရတာပါ။

ကြမ်းတမ်းတဲ့ အကောင်ပလောင်တွေရဲ့ တိုက်ခိုက်မှုဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့ ဒီရုပ်ရှင်ကို အစပိုင်းမှာ R-rating ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလိမ့်မယ်လို့ သတင်းတွေ ပြေးနေခဲ့တာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ ရုပ်ရှင်အဖွဲ့အစည်းက PG-13 အဆင့်သာ အတည်ပြု သတ်မှတ်ထားပါတယ်။

R-Rated ဇာတ်ကားကတော့ အသက် ၁၇ နှစ်အောက် လူငယ်တွေအနေနဲ့ မိဘ အုပ်ထိန်းသူ မပါဘဲ တယောက်တည်း သွားကြည့်လို့မရပါဘူး။ ဒီလိုကားမျိုးတွေမှာ ဆဲဆိုရိုင်းပျတဲ့ စကားလုံးတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ဝင်ခန်းတွေ၊ လိင်မှုဆိုင်ရာ အသားပေး အဖော်အချွတ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးနဲ့ ဆေးဝါးအလွဲသုံးမှုတွေ ဇာတ်ကားမျိုး ဖြစ်ပါတယ်။

PG-13 အဆင့်သတ်မှတ်ချက်နဲ့ ဇာတ်ကားကတော့ အသက် ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားမျိုးဖြစ်ကာ ဆဲဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ လိင်ကိစ္စအတွက် မဟုတ်တဲ့ အဖော်အချွတ်ခန်းတွေ နည်းနည်းပါတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ပြင်းထန်တဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ ရှိနိုင်ပေမယ့် သွေးထွက်သံယို ပြကွက်တွေပါလို့ မရတဲ့ အမျိုးအစားရုပ်ရှင်တွေပါ။

ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၆၀ နဲ့ ၂၀၀ ကြား အကုန်အကျခံ ရိုက်ကူးထားတဲ့ Godzilla vs. Kong ရုပ်ရှင်ဟာ IMDb မှာတော့ Rating 7.1 အထိ ရရှိထားခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဒီရုပ်ရှင်ကို မေ ၂၁ ရက်မှ ရုံတင်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ လက်ရှိမှာတော့ လာမယ့် မတ်လနောက်ဆုံးပတ်မှာ ရုံတင်သွားဖို့ အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားကို နာမည်ကြီး Warner Bros. Pictures ကနေ မတ် ၂၆ ရက်မှာ HBO Max ကရော အမေရိကန်နိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာပါ တပြိုင်တည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up