တပ်မတော်အာဏာသိမ်းရန် ရည်ညွှန်းတဲ့ စာသားတွေ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားခဲ့တဲ့ ဒေါ်မိုးမိုးခိုင်ကို ဇန်နဝါရီ ၂၅ ရက်ညနေ ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
ဒေါ်မိုးမိုးခိုင်ကို တောင်ဒဂုံမြို့မရဲစခန်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က အမှု အမှတ်(ပ)၁၀၅ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ၂၅ ရက်နေ့မှာ မြောက်ဒဂုံမြို့နယ်ရှိ Ruby Paradise ဟိုတယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒေါ်မိုးမိုးခိုင်ကိုဖမ်းလိုက်ပြီဆိုတာ အတည်ပြုလို့ရပါတယ်လို့ တောင်ဒဂုံမြို့မရဲစခန်းက မနေ့ ည ၈နာရီခွဲလောက်မှာ အတည်ပြုပြောပါတယ်။
နေပြည်တော်မှာကျင်းပမယ့် တိုင်းပြုပြည်ပြုကျောက်တိုင်စိုက်ထူပွဲနဲ့ ပတ်သက်ပြီး တပ်မတော်က အာဏာသိမ်းရန်ရည်ညွှန်းတဲ့ ပို့စ်တွေကို ဒေါ်မိုးမိုးခိုင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) နဲ့ တောင်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။
ဒေါ်မိုးမိုးခိုင်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက အခြေခံလူတန်းစားများ တိုးတက်ရေးပါတီ(YDP)ကိုယ်စားပြုပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA