A d v e r t i s e m e n t With Us

ပင်လယ်ပြင်လွတ်လပ်ခွင့် မြှင့်တင်ရန် အမေရိကန်စစ်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်ထဲ ဝင်ရောက်

အမေရိကန် လေယာဉ်တင်သင်္ဘော USS သီအိုဒိုရိုရုစဗဲ့ ဦးဆောင်တဲ့ သင်္ဘောအုပ်စုဟာ တောင်တရုတ် ပင်လယ်အတွင်း ဝင်ရောက်လာပြီး ဒါဟာ ပင်လယ်ပြင်တွေရဲ့ လွတ်လပ်ခွင့်ကို အားပေးမြှင့်တင်တာလို့ အမေရိကန် စစ်တပ်က ဇန်နဝါရီ ၂၄ ရက်က ပြောလိုက်ပါတယ်။

 တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှု မြင့်နေချိန်မှာ ခုလို အမေရိကန်စစ်သင်္ဘောအုပ်စုကို အမေရိကန်အစိုးရက တောင်တရုတ်ပင်လယ်ဆီ လွှတ်လိုက်တာဟာ ငြိမ်းချမ်းရေးအတွက် ကောင်းစရာ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဇန်နဝါရီ ၂၅ ရက်မှာ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

 ပါရာတက်စ်ကျွန်းစုတွေနားက ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေး ခွဲခြား ဖော်ထုတ်ရေးဇုံထဲကို တရုတ် ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အကြီးအကျယ် ဝင်လာခဲ့တယ်လို့ ထိုင်ဝမ်က ကြေညာတဲ့ နေ့မှာပဲ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် စစ်တိုင်းက တိုက်ရေယာဉ်စုဟာ တောင်တရုတ်ပင်လယ်ထဲကို ဇန်နဝါရီ ၂၃ ရက်မှာ ဝင်လာခဲ့တယ်လို့ အမေရိကန် စစ်တိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 ခုလို ဝင်လာတာဟာ ပင်လယ်ပြင် လွတ်လပ်ရေး သေချာစေဖို့နဲ့ ပင်လယ်ပြင် လုံခြုံရေး တိုးမြှင့်ရာမှာ မိတ်ဖက် တည်ဆောက်ဖို့ ပုံမှန် စစ်ဆင်ရေး လုပ်တာလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

 အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နာမည်စာရင်း တင်သွင်းခံရသူ အန်ထော်နီ ဘလင့်ခ်ကန်ကလည်း တရုတ်ဟာ ဘယ်နိုင်ငံထက်မဆို အမေရိကန် အပေါ် အသိသာဆုံး စိန်ခေါ်နေတယ်ဆိုတာ သံသယမရှိဘူးလို့ အထက်လွှတ်တော် အတည်ပြု ကြားနာပွဲအတွင်း ဇန်နဝါရီ ၁၉ရက်က ပြောခဲ့ပါတယ်။

 တောင်တရုတ်ပင်လယ်အတွင်း တရုတ်က သိမ်းပိုက်ထားတဲ့ ကျွန်းတွေနားမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ဖြတ်သန်းတာကို တရုတ်က ထပ်ခါတလဲ မကျေမနပ် ပြောနေခဲ့တာပါ။

 အဲဒီ ကျွန်းတွေကို ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ ပိုင်တယ်လို့ ပြောဆို ငြင်းခုန် နေပါတယ်။

 အမေရိကန်လေယာဉ်တင်သင်္ဘောစုထဲမှာ တီကွန်ဒေရိုဂါအဆင့် ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော USS ဘန်ကာဟေးစ်၊ အားလေ့ချ် ဘာကေအဆင့် ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော တွေဖြစ်တဲ့ USS ရပ်ဆဲလ်နဲ့ USS ဂျွန်ဖဲင်းတို့ပါတယ်လို့ အမေရိကန်ကြေညာချက်က ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up