Home
မြန်မာသတင်း
အောင်မြင့်မိုရ်ကိုဗစ်-၁၉ ကုသရေးစင်တာအတွက် အီတလီက ယူရိုငွေ ၁၀ သိန်း လှူဒါန်း
DVB
·
January 25, 2021

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာမှာ အစားအသောက် ကျွေးမွေးဖို့အတွက် အီတလီနိုင်ငံက ယူရိုငွေ ၁၀ သိန်း ထောက်ပံ့လှူဒါန်းလိုက်ပါတယ်။

အီတလီဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (AICS) က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ လုပ်ဆောင်ချက်တွေမှာ ပူးပေါင်း ပါဝင်လိုက်တာဖြစ်ပါတယ်။

WFP ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်ကစပြီး အောင်မြင့်ရိရ်စင်တာမှာ အစားအသောက်တွေ  ပံ့ပိုးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လူဦးရေ ၁၆,၀၀၀ အတွက် ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

“ပရောဂျက် အစပိုင်းမှာတော့ WFP ကနေ စီစဉ်ကျွေးမွေးနေခဲ့တာပါ။ အီတလီက အခု ဒီပရောဂျက်တခုလုံးအတွက် ပံ့ပိုးလိုက်တာဖြစ်ပါတယ်။ ယူရိုငွေ ၁ သန်းဟာ နေ့စဉ် လူ ၂၅၀၀ အတွက် ထမင်းဟင်းလျာ ၃ နပ်စာ ထောက်ပံ့ပေးနိုင်ပါတယ်။ လက်ရှိအချိန်ထိ အီတလီရဲ့ လှူဒါန်းငွေနဲ့ ကျွေးမွေးနေတာဖြစ်ပါတယ်” လို့ WFP ရဲ့ ဆက်သွယ် ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းက ပြောပါတယ်။

ထမင်းဟင်းလျာတွေကို WFP ရဲ့ အစားအစာပြင်ဆင်တာနဲ့ အစားအစာလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို တိတိကျကျလိုက်နာ ချက်ပြုတ်ပြင်ဆင်သလို လူနာတွေရဲ့ နေ့စဉ်အာဟာရ လိုအပ်ချက်တွေကို လုံလုံလောက်လောက် ဖြည့်ဆည်းနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။

ဒီလှူဒါန်းတာကို မှတ်တမ်းတင်တဲ့ အခမ်းအနားတခုကို အောင်မြင့်မိုရ်စင်တာမှာပဲ ရန်ကုန်တိုင်းအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးနဲ့ WFP တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး အလက်ဇန္ဒြာချီရာဗိုက အခုလို လှူဒါန်းတာဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အီတလီက ကူညီမယ်ဆိုတဲ့ ကတိကဝတ်တွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။

“အီတလီနိုင်ငံဟာ မြန်မာအစိုးရ၊ မြန်မာပြည်သူများတွေနဲ့အတူ နီးနီးကပ်ကပ် ရှိနေမှာဖြစ်သလို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးကို ကျော်လွှားဖို့ လိုအပ်တဲ့ အများပြည်သူ၊ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာ၊ ကာကွယ်ဆေးသုတေသနအတွက် ငွေကြေးရန်ပုံ‌ငွေ ထောက်ပံ့တာတို့အပြင် အီတလီနိုင်ငံ၊ ရောမမြို့မှာ လာမယ့် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ဖို့ စီစဉ်ပြီး အနာဂတ်ကျန်းမာရေး စိန်ခေါ်မှုတွေအတွက် ကောင်းစွာအသင့်ရှိနေစေဖို့ ဆောင်ရွက်သွားပါမယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း “ကျနော်တို့ ပြည်သူတွေအပေါ်မှာ စာနာ ထောက်ထားမှုနဲ့ ကူညီပံ့ပိုးမယ့်သူတွေရှိတယ်ဆိုတာဟာ ဒီလိုစင်တာတွေမှာ ကုသမှုခံယူနေတဲ့ သူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေနဲ့ ရခိုင်ပြည်နယ်က အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာပေါင်း ၆၀ ကျော်မှာ စားနပ်ရိက္ခာအထောက်အပံ့တွေကို ၂၀၂၀ ခုနှစ် စက်တင်ဘာလကစလို့ ပေးနေတာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာလည်း နေရပ်ပြန်လုပ်သားပေါင်း ၁ သိန်းကျော်အတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေတုန်းမှာ စားနပ်ရိက္ခာတွေ ပံ့ပိုးခဲ့ပါတယ်။

Photo : WFP

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024