ဂျာမနီရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ

1.7K
ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ် ခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီက ၄၂ ရာခိုင်နှုန်းနဲ့ မဲအများစုနီးပါး အနိုင်ရပါတယ်။
ဒါဟာ ၁၉၉၀ ဂျာမနီ နှစ်နိုင်ငံ ပေါင်းစည်းသွားတဲ့အချိန်ကစလို့ ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးမားဆုံးအောင်ပွဲလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် ဥရောပဇုန် စီးပွားရေးအကျပ်အတည်းကာလမှာ ဘယ်လိုပဲ ဝေဖန်မှုတွေ တချို့ရှိနေပေမယ့် မာကဲလ်ရဲ့မူဝါဒတွေနဲ့ ဦးဆောင်မှုပုံစံကို လူထုထောက်ခံမှု အခိုင်အမာရှိနေတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပေမယ့် တပါတီတည်း အုပ်ချုပ်နိုင်တဲ့ အရေအတွက်ကို မပြည့်တဲ့အတွက် အိန်ဂျလာ မာကဲလ်ရဲ့ ခရစ်ယာန် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်း အနိုင်ရတဲ့ ဆိုရှယ်ဒီမိုကရက်ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ရဖွယ် ရှိပါတယ်။
ဒီနှစ်ပါတီဟာ အစဉ်အလာအားဖြင့် ပြိုင်ဘက်တွေဖြစ်ပေမယ့် ၂၀၀၅ ခုနှစ်တုန်းက မာကဲလ်ရဲ့ ပထမဆုံး ၀န်ကြီးချုပ်သက်တမ်းမှာလည်း ပူးပေါင်းပြီး ဂျာမနီနိုင်ငံကို အုပ်ချုပ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ခရစ်ယာန်ဒီမိုကရက်ပါတီရဲ့ မဟာမိတ်ပါတီ ဖြစ်ခဲ့တဲ့ စီးပွားရေး ဦးစားပေး ဖရီးဒီမိုကရက်ပါတီကတော့ ၄ ဒဿမ ၈ ရာခိုင်နှုန်းလောက်ပဲ အနိုင်ရတယ်လို့ အကြို ရလဒ်တွေမှာ ဖော်ပြပါတယ်။
ဂျာမနီနိုင်ငံရဲ့ သမိုင်းမှာတော့ အိန်ဂျလာမာကဲလ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်ရတဲ့ ၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။ Read more
