A d v e r t i s e m e n t With Us

ဟန်ဆန်ရိုဘော့တစ်ကုမ္ပဏီ လူတူစက်ရုပ် ၄ မျိုးထုတ်မည်

ဟောင်ကောင်အခြေစိုက် ဟန်ဆန် ရိုဘော့တစ်ကုမ္ပဏီက ၂၀၁၆ မှာ ကမ္ဘာကျော်သွားတဲ့ ဆိုဖီယာစက်ရုပ်အပါအဝင် လူတူစက်ရုပ်မော်ဒယ် ၄ မျိုးကို ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ စက်ရုံ တွေကနေ ထုတ်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ စက်ရုပ်ထုတ်လုပ်တဲ့ လုပ်ငန်းကို အခွင့်အလမ်း အသစ်တွေ လမ်းဖွင့်ပေးလိမ့်မယ်လို့လည်း ဟောကိန်းထုတ်လိုက်ကြပါတယ်။

 “လူတွေ အချင်းချင်းခွဲနေဖို့ လိုချိန်၊ အင်မတန် အထီးကျန်နေချိန်မှာ  စက်ရုပ်တွေက အင်မတန် အသုံးဝင်လာနိုင်တယ်။ သူတို့ဟာ လူနဲ့ ပုံစံ၊ သွင်ပြင်သာမက အပြန်အလှန် ဆက်သွယ်နိုင်တဲ့ နေရာမှာပါ အတုယူနိုင်တယ်” လို့ ဟန်ဆန်ရိုဘော့တစ်ရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ တည်ထောင်သူ ဒေးဗစ် ဟန်ဆန်က ပြောပါတယ်။

 ဆိုဖီယာစက်ရုပ်ဟာ ၂၀၁၆ မှာ မိတ်ဆက်ချိန် ကမ္ဘာကျော်ခဲ့ပြီး ကုလသမဂ္ဂ ရဲ့ လူမဟုတ်တဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ ချန်ပီယံဆုကို ရခဲ့တာပါ။ 

ဆော်ဒီအာရေဗျနိုင်ငံကလည်း သူ့ကို နိုင်ငံသားပေးခဲ့လို့ တရားရေးအရ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

 ခုတော့ စက်ရုပ်ရဲ့ လုပ်နိုင်စွမ်း အများအပြားထဲကို တီထွင်သူတွေက ကျန်းမာရေး စောင့်ရှောက်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပိုထည့်ပေးဖို့ တီထွင်နေပါပြီ။

 စက်ရုပ်သုံး အဖြေထုတ်တာဟာ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်အတွက်တင် အကန့်အသတ် မိနေတာ မဟုတ်ပါဘူး။

 ဟန်ဆန်ကတော့ လူတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ့ လက်လီအရောင်းနဲ့ လေကြောင်းလိုင်းတွေက ဖောက်သည်တွေကိုပါ သူ့စက်ရုပ်တွေက ကိုရိုနာဗိုင်းရပ်စ် မကူး စက်စေဘဲ ကူညီနိုင်တယ်လို့ ထင်နေပါတယ်။

 ဆိုဖီယာကို တီထွင်တဲ့ သုတေသနအဖွဲ့မှာ ပါဝင်တဲ့ လူမှုဆက်ဆံရေး စက်ရုပ်ရေးရာ ပါမောက္ခကတော့  နည်းပညာက ခုမှ ဖွံ့ဖြိုးကာစဖြစ်လို့ ကပ်ဘေးဟာ လူနဲ့ စက်ရုပ်တွေကြား ဆက်ဆံရေးကို အရှိန်မြှင့်ပေးလိမ့်မယ်လို့ ပြောပါတယ်။

 ဟန်ဆန် ရိုဘော့တစ်ကုမ္ပဏီက ဂရေ့စ်လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ စက်ရုပ်သစ်ကို တီထွင်ခဲ့ပြီး ဒီနှစ်မှာ စတင်မိတ်ဆက်နေပါတယ်။

 ဆော့ဖ်ဘန့်ခ် ရိုဘော့တစ်ကတော့ ပက်ပါရိုဘော့ကို တီထွင်ပြီး ပါးစပ် နှာခေါင်းစည်း မဝတ်ထားတဲ့ လူတွေကို ထောက်လှမ်း တာဝန်ပေးပါတယ်။

 တရုတ်စက်ရုပ်ကုမ္ပဏီ ကလောက်ဒ်မိုင်းစ်ကတော့ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ချိန်က ဆေးရုံတွေမှာ စက်ရုပ်နဲ့ လည်ပတ်ရာမှာ ကူညီခဲ့ပါတယ်။

 ဟန်ဆန်ကတော့ ၂၀၂၁မှာ စက်ရုံဈေးကွက်အတွက် အများကြီး အပြုသဘော ရှုမြင်ထားပါတယ်။

 နိုင်ငံတကာ စက်ရုပ်အသင်းချုပ်ရဲ့ အစီရင်ခံစာအရ ကမ္ဘာတလွှား ပညာရှင်ဆန်ဆန် ဝန်ဆောင်မှု ပေးနိုင်တဲ့ စက်ရုပ်တွေရဲ့ ရောင်းအားဟာ ၂၀၁၈ကနေ ၂၀၁၉ ခုနှစ်ကြား ၃၂ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံဖိုး ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up