Home
မြန်မာသတင်း
ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့တွင် တိုင်းရင်းသားများပါဝင်ရန် အန်အယ်လ်ဒီ မျှော်လင့်
DVB
·
January 25, 2021

တိုင်းရင်းသားပါတီတွေနဲ့ တွေဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့  ပြန်သုံးသပ်နေပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေ ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အန်အယ်လ်ဒီပါတီ ယာယီဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအပြီး အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ဆွေးနွေးဖို့ ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံနိုင်ခဲ့ပေမဲ့ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ တွေ့ဆုံဖို့နေရာရွေးချယ်ရာမှာ သဘောတူညီမှုမရလို့  မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်က “အောင်မြင်တာ ၂ ခုပေါ့။ ကချင်နဲ့ ရှမ်းမှာတော့ ပူးပေါင်းဆောင်ရွက်တာပေါ့။ သူတို့နေရာလေးတွေ ဘာလေးတွေ ပြောတာတော့ ရှိတာပေါ့။ ဒါတွေက ကျနော်တို့ ဆွေးနွေးရဦးမှာပေါ့။ ကယားနဲ့ မွန်က နောက်ပိုင်း ကျနော်တို့ ဒီကိစ္စတွေ ပြီးသွားတဲ့အခါကျရင် ဒီဟာနဲ့ပတ်သက်ပြီးဖြစ်ရတာ သူတို့ဘက်ကလည်း ဒီလိုဖျက်ရတာတွေ စိတ်မကောင်းဘူးဆိုတဲ့ စာတွေဘာတွေ ကျနော်တို့ဆီမှာ ရပါတယ်။ သုံးသပ်ချက်ကတော့ ဒီတိုင်းရင်းသားဒေသတွေကို သွားတဲ့အခါ ဘာပဲပြောပြော ကျနော်တို့ အကျိုးကျေးဇူးရှိတယ်ဆိုတာ သုံးသပ်လို့ရပါတယ် ” လို့ ပြောပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တဲ့ ပြည်နယ်လေးခုနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

“ပြန်သုံးသပ်ပြီး မကြာခင်သိရတော့မှာ။ မကြာခင်ဆိုတာက ဒါက အပေးအယူမဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်ကလည်း Good ပဲ။ ရှမ်းတို့ ဘာတို့ဆို တချို့ပါတီတွေဆို နေရာတွေတောင် မတောင်းပါဘူး။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာပဲ ပြောတာရှိပါတယ်” လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒါ့အပြင် အစိုးရသစ်ရဲ့ ပြည်ထောင်စုအဆင့်နေရာတွေမှာ အနိုင်ရတိုင်းရင်းသားပါတီက သူတွေ ပါလာဖို့ မျှော်လင့်နေပြီး အရင်ကထက်စာရင် အခွင့်ရေးပိုကောင်းတယ်လို့လည်း ဆိုပါတယ်။

“ဟိုတစ်နေ့က လုပ်အားပေးဂုဏ်ပြုပွဲလေးတခုသွားတော့ မီဒီယာသမားတွေက မေးပါတယ်။ တိုင်းရင်းသားတွေ ပြည်ထောင်စုအဆင့်မှာ တွေ့ရမလားဆိုပြီး မေးတယ်။ ကျနော်ကိုယ်တိုင်က ဒါကိုမျှော်လင့်နေပါတယ်လို့ ဖြေလိုက်တယ်။ အခုလည်း ကျနော် ဒီလိုပါပဲ မျှော်လင့်တာပေါ့ဗျာနော်။ ဘာပဲပြောပြော အရင်တုန်းကလည်း တိုင်းရင်းသားပါတီတွေကို ပေးတာပဲလေဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခက်အခဲလေးတခုရှိလို့ မရခဲ့ကြတာ။ နိုင်သက်လွင်ဆို တိုင်းရင်းသားစစ်စစ်ပါပဲ။ ဒီတခေါက်ကတော့ အုပ်ချုပ်ရေးပိုင်း ရွေးချယ်မှုအပိုင်းတွေကတော့ တိုင်းရင်းသားတွေ ရွေးချယ်တယ် မရွေးချယ်တယ် ဆိုတဲ့ဟာကတော့ အရင်ကထက်စာရင် အခွင့်အရေး ပိုကောင်းတယ်လို့ ပြောချင်ပါတယ် ” လို့ ဒေါက်တာဇော် မြင့်မောင်က ပြောပါတယ်။

လာမယ့် မတ်လထဲမှာမှ အစိုးရအဖွဲ့သစ် ဖွဲ့စည်းမှာဖြစ်တဲ့အတွက် တခြားတိုင်းရင်းသားဒေသတွေကို သွားဖို့ကတော့ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်ပြီး ရခိုင်ကို လုံခြုံရေးအရ စဉ်းစားရဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

နေဖြိုးဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024