လီဗာပူးနှင့်ပွဲ၌ ဂရင်းဝုဒ်ဒဏ်ရာရ၊ ကစားသမားများ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆိုးလ်ရှားချီးကျူး

လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဒူးဒဏ်ရာရရှိခဲ့တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ဂရင်းဝုဒ်ဟာ အသင်းအတွက် ပထဆုံးချေပဂိုးကို သွင်းယူခဲ့သူဖြစ်ပြီး ပွဲအပြီး ဥမင်ထဲမှာ ထော့နင်းထော့နင်းနဲ့ ဝင် ရောက်သွားခဲ့တာ တွေ့ခဲ့ရပါတယ်။
ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေပြီး အခြေအနေကို စကင်ဖတ်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုးရှားက အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက ဦးဆောင်ဂိုးပေးထားရတဲ့အချိန်မှာ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ ပြန်ရအောင်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
ဒီပွဲမှာ ရက်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က ဆာလက်ရဲ့ အစောပိုင်းဦးဆောင်ဂိုးကို ချေပပေးခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် ရွန်းနီနောက်ပိုင်း လီဗာပူးအသင်းကို ဂိုးသွင်းယူနိုင်တဲ့ အသက်ငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ရက်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေခဲ့ပါတယ်။ ဆာလက်က တစ်ဖက် ၂ ဂိုးစီ သရေဖြစ်အောင် ချေပနိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား ဖာနန်ဒက်စ်ရဲ့ စပါယ်ရှယ်ဖရီးကစ်ဂိုးနဲ့ ယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တာပါ။
“ကျနော်တို့ တစ်ဂိုးပေးထားရချိန်မှာ အသင်းသားတွေရဲ့ တုံ့ပြန်မှုက အရမ်းကိုကောင်းခဲ့ပါတယ်။ ကျနော်တို့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလို ကောင်းမွန်တဲ့ ဂိုးတစ်ချို့ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ ပြိုင်ဘက်ကို ကောင်းကောင်းကာကွယ်နိုင်ခဲ့သလို တုံ့ပြန်မှုကလည်း အရမ်းကိုကောင်းခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ တိုက်စစ်နေရာစုံမှာ ကစားခဲ့သလို လီဗာပူးရဲ့ ခံစစ်လိုင်းမြင့်မှုကြောင့် ဘောလုံးကို မြန်မြန်ဆန် ဆန်ရွှေ့ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။
ဆိုးလ်ရှားဟာ အနိုင်ဂိုးရှင် ဖာနန်ဒက်စ်ကိုလည်း ဆက်လက်ချီးကျူးသွားခဲ့ပြီး သူ့ကို ပွဲထွက်လူစာရင်းမှာ ပါမှာမဟုတ်ဘူးလို့ ကြိုပြောထားပေမယ့် ပေါ်တူဂီသားကတော့ စနေနေ့လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်လေ့ကျင့်နေခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
“လေ့ကျင့်ရေးအပြီးမှာတောင် ဖာနန်ဒက်စ်က ၄၅ မိနစ်လောက် ဖရီးကစ်ကန်တာ လေ့ကျင့်နေခဲ့ပြီး ဒီပွဲမှာ သူအခွင့်အရေးရရင် သူတစ်ဂိုးတော့သွင်းယူနိုင်လိုက်မယ်လို့ ကျနော်ယုံကြည်မှု ရှိခဲ့ပါတယ်။”