ယူနိုက်တက်အသင်းကို အနိုင်ယူရန် လိုအပ်သည့်ခြေစွမ်း မရှိခဲ့ဟု ကလော့ပ်ဝန်ခံ

ယူနိုက်တက်အသင်းကို အနိုင်ရရှိဖို့လိုအပ်တဲ့ အခြေအနေတစ်ခုထိ ရောက်အောင် မကစားနိုင်ခဲ့ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
တနင်္ဂနွေနေ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတော့ အခုလိုပြောခဲ့တာပါ။
ဒီပွဲမှာ ဧည့်သည်လီဗာပူးအသင်းက မိုဟာမက်ဆာလက်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့က အိမ်ရှင်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်း ယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဆာလက်ကပဲ တစ်ဖက် ၂ ဂိုးစီ သရေဖြစ်စေမယ့် ချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူစားဝင်ကစားသမား ဖာနန်ဒက်စ်ရဲ့ ထူးရှယ်ဖရီးကစ်ဂိုးကြောင့် ပွဲအပြီးမှာ လီဗာပူးအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ပေါ် သဘောကျမိပေမယ့် အရေးကြီးတဲ့အချိန်တွေမှာ အမှားတွေ အများကြီးကျူးလွန်ခဲ့တယ်လို့တော့ ခံစားနေရတယ်လို့ ကလော့ပ်က ပြောပါတယ်။
“ဂိုးနားမှာဆိုရင် ကောင်းတာတွေရော၊ အမှားတွေရော အများကြီးကျူးလွန်ခဲ့ပါတယ်။ ဒီလိုအရာတွေဟာ မဖြစ်ခဲ့သင့်ပေမယ့် ဖြစ်တတ်တဲ့ သဘာဝရှိပါတယ်။ ဒီလိုပွဲတွေကနေ ကျနော်တို့ သင်ယူနိုင်အောင်ကြိုးစားရပါမယ်။”
ဒီပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မိုဟာမက် ဆာလက်ဟာ ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ကလော့ပ်က “ဒီပွဲက ခက်ခဲခဲ့ပါတယ်။ ကျနော်တို့အပြင်းထန်ဆုံး ကြိုးစားလိုခဲ့ပေမယ့် မလုံ လောက်ခဲ့ပါဘူး။ ကျနော်တို့ တန်ပြန်တိုက်စစ်တွေမှာ ပြဿနာရှိခဲ့ပါတယ်။ ဒါဟာ တကယ်ပဲဆိုးရွားပါတယ်။ ဒါပေမယ့် ကောင်းတဲ့အရာလေးတွေတော့ ရှိခဲ့ပါတယ်။ ကျနော်တို့ ၂ ဂိုးသွင်းခဲ့သလို ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် တော်တော်လေး ပိတ်ဆို့ထားတဲ့ ခံစစ်ကစားပုံကို အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရှုံးခဲ့ပေမယ့် ကောင်းတဲ့အရာတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ” လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပေမယ့် သူတို့နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါဟာလည်း အက်ဖ်အေဖလား ပွဲမှာ ဗီလာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ရဲ့အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ မော်ရင်ဟိုရဲ့စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရင်ဆိုင်ရဖို့ရှိနေပြီး ယူနိုက်တက်အသင်းနဲ့ပွဲက အမှားတွေကိုသင်ယူပြီး မော်ရင်ဟိုရဲ့အသင်းကို ရင်ဆိုင်သွားဖို့ ကလော့ပ်က မျှော်လင့်ထားပါတယ်။