မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ၁၀ လကြာရှိလာချိန်မှာ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၃,၀၆၂ ယောက် ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၁၀ လပြည့်ခဲ့ချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၃၇,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၇,၅၇၄ ယောက်၊ သေဆုံးသူ ၃,၀၆၂ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၂၁,၅၅၈ ယောက် ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၈၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၆,၀၀၀ နီးပါးနဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၉,၀၀၀ ကျော် ရှိနေပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၉ ဒသမ ၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၇၁ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၅ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၄၂၁,၇၁၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၅၃,၅၀၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂၁၆,၄၇၅ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၈,၉၉၁ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၅ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
လတ်တလောအချိန်ထိ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉၈၉,၂၆၂ ယောက်နဲ့ သေဆုံးသူ ၂၇,၈၃၅ ယောက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၁၃,၆၁၉ ယောက်နဲ့ သေဆုံးသူ ၁၀,၂၄၂ ယောက် ရှိနေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၃,၈၀၁ ယောက်နဲ့ သေဆုံးသူ ၆၇၈ ယောက် ရှိပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၃၀၈ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၃,၅၀၀ ယောက်နဲ့ သေဆုံးသူ ၇၃ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၄၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၅ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၅၈ ယောက်နဲ့ ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။