ရန်ကုန်တွင် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
မျိုးဇော်လင်း
·
September 20, 2013
မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးလိုလားသူတွေစုပေါင်းပြီး စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၁၁ နာရီမှာ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးက စတင် ချီတက် လမ်းလျှောက်ဆန္ဒထုတ်ဖော် ကြမှာဖြစ်ပါတယ်။
ချီတက်ဆန္ဒထုတ်ပွဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ ငြိမ်းချမ်းရေးကွန်ရက်ပေါင်း အဖွဲ့ ၆၀ ကျော်က ငြိမ်းချမ်းရေးလိုလားသူတွေ ပါဝင်မှာဖြစ်ပြီး မြို့တော်ခန်းမရှေ့မှာ စုရပ်လုပ်ကာ မြို့နယ် ၈ မြို့နယ်ကို လမ်းလျှောက် ချီတက်ကြမှာပါ။
ချီတက်လမ်းလျှောက်ဖို့ သက်ဆိုင်ရာဆီက တရားဝင်ခွင့်ပြုမိန့်တွေရရှိပြီးဖြစ်ပြီး "တနိုင်ငံလုံးပြန်လည်သင့်မြတ်" "လွတ်လပ်ငြိမ်းချမ်းမျှတလမ်းသို့ မတူလက်များတွဲကြစို့" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။
ဒီဆန္ဒပြပွဲမှာ ငြိမ်းချမ်းရေးလိုလားသူတွေ၊ နိုင်ငံရေးနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ အင်အားစုတွေ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။
ဆန္ဒပြသမားတွေဟာ မြို့တော်ခမ်းမရှေ့ကနေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ ပြည်သူ့ရင်ပြင်မှာ လူစုပြီး တနိုင်ငံလုံးငြိမ်းချမ်းရေးအတွက်လည်း ဆုတောင်းပွဲပြုလုပ်သွားဖို့ အစီအစဉ် ရှိနေပါတယ်။
အပြည့်အစုံ နားဆင်ရန်