A d v e r t i s e m e n t With Us

ပွဲကစားခွင့်နှင့်ပတ်သက်ပြီး ဗန်ဒီဘိခ်မပျော်မရွှင်ဖြစ်နေဟု ဆိုးလ်ရှားဝန်ခံ

ပွဲကစားခွင့်နည်းပါးတာကြောင့် ဗန်ဒီဘိခ်တစ်ယောက် အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် အဓိကကစားသမားဖြစ်လာမယ်လို့  မျှော်လင့်ခဲ့ကြပေမယ့် အင်္ဂလန်မြေကိုပ ထမဆုံးရာသီမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။  သူဟာ ဒီရာသီမှာ အသင်းအတွက် ၂၁ ပွဲကစားထားရပေမယ့် အဲ့ထဲမှာ ပရီးမီးယားလိဂ် ၁၀ ပွဲပဲ ပါပြီး ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒီရာသီအသင်းရဲ့အောင်မြင်မှုမှာ ဖရက်၊ တွမ်မီနေး၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့က ကွင်းလယ်ရဲ့ အဓိကနေရာကနေ ပါဝင်နေပြီး ဗန်ဒီဘိခ်အနေနဲ့ ဒီ ၄ ယောက်ကို ကျော်ပြီး ပွဲထွက်ခွင့်မရတာဖြစ်ပါတယ်။  ဒီအခြေအနေအပေါ် နည်းပြဆိုးလ်ရှားက “သူပျော်ရွှင်နေတယ်လို့ ကျနော်မပြောနိုင်ပါဘူး။ သေချာတာပေါ့ ဗန်ဒီဘိခ်လည်း ပိုကစားချင်မှာပဲလေ။ ဒါပေမယ့် သူဟာ သူ့အလုပ်ကို အကောင်းဆုံးပုံစံနဲ့ လုပ်နေပါတယ်။ ကျနော်တို့အသင်းက ကောင်းကောင်းလုပ်ပြနေပြီးတော့ သူ့နေရာမှာ တခြားကစားသမားတွေကလည်း တကယ်ကို ကောင်းနေပါတယ်” လို့ ပြောပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းနဲ့ ကစားသမားဘဝမှာ အကောင်းဆုံးလူစားလဲကစား သမားဖြစ်ခဲ့သူဖြစ်ပြီး ဒီအခြေအနေက ကစားသမားသစ်ဘန်ဒီဘိခ်ရဲ့ ခံစားချက်ကို နားလည်မှုပေးနိုင်တာလည်း ဖြစ်ပါတယ်။  “သူ့ကိုကြည့်ပြီး ကျနော့်ကိုယ်ကျနော်ပြန်သတိရမိပါတယ်။ ဖာဂူဆန်လက်ထက်က ကျနော့်အခြေအနေနဲ့ အတူတူပါပဲ။ ကျနော့်ကို သူကွင်းထဲ ဝင်ကစားခိုင်းရင် ကျနော်အသင်းကို အနိုင်ရအောင်လုပ် ပေးဖို့ ပျော်ရပါတယ်။ ဗန်ဒီဘိခ်ဟာလည်း ဒီလိုကစားသမားမျိုးပဲဖြစ်ပါတယ်။ သူဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ကစားသမားဆိုတာ သူ့ကိုယ်သူသိပါတယ်။ သူပွဲတွေ အများကြီးကစားရတော့မယ်ဆိုတာလည်း သူသိပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာ လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲကစားရဖို့ရှိနေပြီး ဒီပွဲမှာ ဘန်ဒီဘိခ်သေချာပေါက်ပါဝင်လာလိမ့်မယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up