ဆီးရီးယား ဓာတုလက်နက် ထိန်းချုပ်ရေး ကုလဆွေးနွေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ သံအမတ်တွေဟာ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာထိန်းချုပ်မှုအောက် ထားရှိဖို့ ဆုံးဖြတ်ချက် အပေါ် သဘောတူညီမှုရရှိရေးအတွက် စက်တင်ဘာ ၁၉ ရက်က တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထူးအစည်းအဝေးက ၃ နာရီလောက် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်က ခက်ခဲတဲ့ အလုပ်ဖြစ်ပေမယ့် ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ဗြိတိသျှသံအမတ် မာ့ခ်လီယေးလ် ဂရန့်က ပြောပါတယ်။ အမေရိကန်ရဲ့ စစ်ဆင်ရေးကို တတ်နိုင်သလောက် ရှောင်လွှဲနိုင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ဒီသဘောတူညီမှုကို ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကြားဝင် အကျိုးဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က သူ့ရဲ့ဓာတုလက်နက်တွေကို ၁ ပတ်အတွင်း တာဝန်ယူအပ်နှံပြီး နောက်နှစ်လယ်ပိုင်းမှာ အပြီးဖျက်ဆီးပေးရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဓာတုလက်နက်စုံစမ်းစစ်ဆေးသူတွေဟာ သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဆာရင်း ဓာတ်ငွေ့ သုံးစွဲထားကြောင်း စက်တင်ဘာ ၁၆ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်တို့ကတော့ အစိုးရစစ်တပ်မှာ တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။ ကုလလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်စွဲထားတဲ့ ရုရှားကတော့ အာဆတ်အစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့ သက်သေမရှိကြောင်းနဲ့ ကုလအစီရင်ခံချက်မှာ တိုက်ခိုက်မှုမှာ အာရုံကြော ပျက်စီးစေတဲ့ ဆာရင်းဓာတ်ငွေ့သုံးစွဲကြောင်း တွေ့ရှိချက်ကိုလည်း ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

More News
Up