ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး
DVB
·
January 23, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၅၀၇ ယောက်နဲ့ သေဆုံးသူ ၁၄ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၄ ယောက်အနက် ၁၀ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀,၃၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ အယောက် ၅၈၁ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၆၅ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၆ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၆၂၅ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၇,၀၉၈ ယောက်၊ သေဆုံးသူ ၃,၀၄၅ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၁,၁၂၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၈ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
ပုံစာ - ရန်ကုန်တိုင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ) အထူး ကြပ်မတ်ကုသဆောင်(ICU)