အယ်ဟာလူ နေရပ်စွန့်ခွာစခန်းတွင် ဆီးရီးယားနှင့် အီရတ်နိုင်ငံသား ၁၂ ဦး အသတ်ခံရ

227
ဆီးရီးယားအရှေ့မြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့ဝင်တွေဦးစီးတဲ့ အယ်ဟာလူ နေရပ်စွန့်ခွာစခန်း မှာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံသား ၁၂ ယောက် အသတ်ခံရတဲ့ သတင်းကို ရရှိထားတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
အယ်ဟာလူ နေရပ်စွန့်ခွာစခန်းမှာ ပြည်တွင်းဒုက္ခသည်တွေနဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတို့ရဲ့ မိသားစုဝင်တွေကို ထားရှိပါတယ်။
စခန်းအတွင်း နေထိုင်သူတွေကိုရော လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေ ကိုပါ ဘေးအန္တရယ်ကင်းအောင် တာဝန်ယူပေးဖို့ လုံခြုံရေးတာဝန်ယူထားသူတွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးရုံးပြောခွင့်ရပုဂ္ဂိုလ် လာကဲက တိုက်တွန်းခဲ့ပါတယ်။
ဒီအခြေအနေက ဒေသတွင်း လူသားချင်းစာနာအကူအညီပေးရေးလုပ်ငန်းတွေကို ထိခိုက်စေ တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအခြေအနေက အခုမြင်တွေ့သလို ဖြစ်တဲ့အခါ အကူအညီပေးရေး အကုန်လုံး ထိခိုက်သွားမယ်လို့ ဂျနီဗာမှာ ပြုလုပ်တဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ လာကဲက ပြောပါတယ်။
အယ်ဟာလူ နေရပ်စွန့်ခွာစခန်းမှာ နိုင်ငံအများအပြားက လူပေါင်း ၆၂,၀၀၀ ခန့်ကို ထားရှိ တယ်လို့ ဆိုပါတယ်။