Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်ထံကို တိုင်ကြားသည့် အမှုပေါင်း ၂၀၀၀ ကျော်ရှိ
စိုးမိုးအောင်
·
January 22, 2021
လူ့အခွင့်အရေးကော်မရှင်ထံကို တိုင်ကြားတဲ့အမှုပေါင်း ၂၀၀၀ ကျော်ရှိတဲ့အထဲ  မြေယာအမှုပေါင်း ၂၇၀ ကျော်နဲ့ ရဲတပ်ဖွဲ့နဲ့ပတ်သက်လို့တိုင်ကြားမှု ၈၀ လောက်ရှိတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။  ၂၀၂၀ ပြည့်နှစ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံကို တိုင်ကြားတဲ့ အမှုပေါင်း ၂၀၂၀ ရှိခဲ့သလို ၂၀၁၉ခုနှစ်က တိုင်ကြားတဲ့ လက်ကျန်တိုင်ကြားစာ ၃၁၆ စောင်ရှိခဲ့တာပါ။ ဒီအထဲမှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေကို ပေးပို့စိစစ်ခဲ့တဲ့ တိုင်ကြားစာ ၅၆၁ စောင်ရှိခဲ့ပြီး တိုင်ကြားသူဆီ အကြောင်းပြန်ကြားတာ တိုင်စာ ၂၄၅ စောင်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ တိုင်ကြားစာ ၂၀၀၀ ကျော်ထဲ  မှတ်တမ်းထားရှိတဲ့ တိုင်ကြားစာပေါင်း ၁၄၉၂ စောင်အထိ ရှိသလို ညှဉ်းပန်းနှိပ်စက်လို့ တိုင်ကြားလာမှုတွေလည်းရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအဆင့် လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီး အစီရင်ခံစာတွေကို ပွင့်လင်းမြင်သာမှု ရှိရှိထုတ်ပြန်လာမှုတွေကို ကြိုဆိုရမှာဖြစ်ပေမယ့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသလို ကိုဗစ်ကာလအတွင်း လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ကော်မရှင်အနေနဲ့  ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်ကြားမှုတွေကို ကွင်းဆင်းစစ်ဆေးမှု ၇ မှုလောက်ရှိ သလို သမ္မတရုံးကို တိုက်ရိုက်အစီရင်ခံစာ ၈ စောင်လောက်အထိရှိတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်စာအနည်းအများကိုကြည့်ပြီး ကောက်ချက်ချလို့မရဘဲ တချို့တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖော်မှုတွေရှိပေမယ့် တိုင်စာ မရောက်တာတွေ ရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုတိုင်ကြားလာတဲ့ တိုင်ကြားစာတွေအပေါ် ဖြေရှင်း ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ကာယကံရှင်တွေကို ပြန်ကြားမှုဟာ ၂၀၁၇ခုနှစ်မှာ ၁စောင် ၊ ၂၀၁၈ခုနှစ်မှာ ၂၂ စောင် ၊ ၂၀၁၉ ခုနှစ်မှာ ပြန်ကြားချက်၂၀၄ စောင်နဲ့၂၀၂၀ ပြည့်နှစ်မှာ ပြန်ကြားစာ ၃၈၆ စောင်ရှိခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024