ငါးသလောက် မျိုးဖောက်မွေးမြူရေး နော်ဝေနိုင်ငံက နည်းပညာ ကူညီမည်
DVB
·
September 19, 2013
ဘင်္ဂလားပင်လယ်အော်မှာ အတွေ့နည်းလာသလို အရွယ်အစားလည်း သေးငယ်လာတဲ့ ငါးသလောက်မျိုးစိတ်တွေကို ထိန်းသိမ်းဖို့နဲ့ မျိုးဖောက်ပြီး မွေးမြူနိုင်မယ့် နည်းပညာတွေအတွက် မြန်မာကို နော်ဝေနိုင်ငံက အကူအညီပေးသွားဖို့ ရှိနေပါတယ်။
[caption id="attachment_43577" align="alignright" width="300" caption="(ဓာတ်ပုံ - ကျော်ကျော်သက် ဖေ့စ်ဘုတ်)"][/caption]
လာမယ့် ၂၀၁၄- ၁၅ ခုနှစ် ၂ နှစ်တာကာလမှာ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ငါးသလောက်မျိုးစိတ်တွေကို ထိန်းသိမ်း သားဖောက်ပြီး စမ်းသပ်တဲ့လုပ်ငန်းအတွက် နော်ဝေနိုင်ငံက ငွေကြေးနဲ့ နည်းပညာအကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။
ငွေကြေးအထောက်အပံ့ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံဌာနက ထောက်ပံ့ပေးမှာ ဖြစ်ပြီး နည်းပညာကိုတော့ နော်ဝေ ငါးလုပ်ငန်းနဲ့ ကမ်းခြေဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအောက်က ပညာရှင်အဖွဲ့တခုက ပေးမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၁၉ ရက်နေ့မှာ ပညာရှင် ၃ ဦး မြန်မာကို ရောက်လာပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် သဘာဝမှာ အတွေ့ရနည်းပြီးတော့ မျိုးမဖွံ့သေးတဲ့ ငါးကျည်း ငဘဲဖြူနဲ့ အင်းလေးဒေသက ငါးဖိန်းစတဲ့ ငါးမျိုးစိတ်တွေကိုလည်း သုတေသနနည်းနဲ့ သားဖောက်နိုင်ဖို့ အရန်စာရင်းမှာ ထည့်ထားတယ်လို့ သူက ပြောပါတယ်။
ငါးသလောက် ငါးမျိုးစိတ်ကို အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ တွေ့ရှိရပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို နော်ဝေက အရင်ကတည်းက နည်းပညာအကူအညီပေးခဲ့ပေမယ့် မြန်မာကိုတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေကြောင့် အခုမှ အကူအညီပေးတာလည်း ဖြစ်ပါတယ်။
အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ဘင်္ဂလားပင်လယ်အော်မှာ ဂေဟစနစ်ဖွံ့ဖြိုးရေး ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေမှာ နော်ဝေ အစိုးရက ထောက်ပံ့ကူညီနေ တာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၈ ရက်နေ့က မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းခွင့် သက်တမ်း ပြည့်သွားတဲ့ နိုင်ငံခြားငါးဖမ်းစက်လှေများ ငါးဖမ်းခွင့်ကို သက်တမ်းတိုးမပေးသင့်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ စက်တင်ဘာ ၈ ရက်တွေ့ဆုံစဉ်က တင်ပြခဲ့ကြပါတယ်။
ဒီအတွက် ငါးဖမ်းနေခြင်းကို တားမြစ်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး အစိုးရထံ တင်ပြသွားမယ်လို့ သူရဦးရွှေမန်းက ပြန်ကြားခဲ့ပါတယ်။
အပြည့်အစုံ နားဆင်ရန်