Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့နယ်တွင် လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ
DVB
·
January 22, 2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်းခံလယ်မြေပေါ် ပြန်လည်နေထိုင်ဖို့အတွက် ခြံစည်းရိုးကာ၊ တဲအိမ်ဆောက်လုပ်ခဲ့တဲ့ ရွာသား ၁၅ ယောက်ကို  တပ်မတော်က တရားစွဲဆိုခဲ့တယ်လို့ လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့က  ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ (ကုလားစု)၊ ဒေသခံ ၁၅ ယောက်ရဲ့  မိဘဘိုးဘွားပိုင်လယ်မြေဧက ၄၉ ဧကကို  တပ်မ ၂၂ လက်အောက်ခံ၊ အမှတ် ၂၀၃ ခြေမြန်တပ်ရင်းက တပ်တည်ဆောက်ရေးအတွက် ၁၉၉၅ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ သိမ်းဆည်းခံလယ်သမားတွေဟာ ခြံစည်းရိုးကာတာ၊ တဲအိမ်ဆောက်လုပ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှု ဥပ‌ဒေ ပုဒ်မ ၄၄၇ နဲ့ ရွာသား  ၁၄ ယောက် ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့  ရွာသား ၁ ယောက်ကို   တပ်မတော်က တရားစွဲဆိုတာလို့ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ပြောပါတယ်။ “ခမရ ၂၀၃ က အမှုဖွင့်ထားတယ်။ ကျနော်တို့က ဥပဒေအကြံပြုချက်တင်တယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ ပုဒ်မ ၄၄၇ နဲ့တရားစွဲဖို့အတွက် ဥပဒေအကြံဉာဏ်လည်း ကျလာတယ်။ ကျလာတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတင်ရမှာ”။ သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး နစ်နာကြေးနဲ့ လယ်မြေအစားပေးတာ မရှိတဲ့အပြင် တပ်တည်ဆောက်ပြီးနောက်ပိုင်း မလိုအပ်ဘဲ ကားလမ်းနံဘေး လယ်မြေတွေကိုပါ နှစ်အလိုက်ထပ်မံတိုးချဲ့ သိမ်းဆည်းခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။ ဒါ့အပြင် တပ်မတော်က မီးရှို့ဖျက်ဆီးတာတွေရှိသလို ကိုယ့်မြေပေါ် တဲဆောက်နေတာ အပြစ်လားလို့ ဟိန္နူသာသနာရေးအဖွဲ့၊ စာရင်းစစ် ဦးဘုန်းကြီးက ပြောပါတယ်။ “ဒီဘိုးဘွားပိုင် မြေလေးပေါ် နေဖို့အခွင့်အရေးလေးကို တပ်မတော်က အမှုဖွင့်မယ်။ တရားစွဲမယ်ဆိုတော့ ကျနော်တို့ လူတွေ ဘာလုပ်စားမလဲ။ ဘယ်မှာ သွားနေရတော့မလဲ။ သူတို့ဘိုးဘွားပိုင်မြေပေါ် သူတို့နေတယ်။ အဲဒါအပြစ်လား”လို့ ဆိုပါတယ်။ သိမ်းဆည်းစဉ်ကာလက အတင်းအဓမ္မ ခြိမ်းခြောက်ဖယ်ရှားခိုင်းတဲ့အပြင် နေအိမ်တွေကို ဖျက်စီးခဲ့တဲ့အတွက် မိမိတို့ဘိုးဘွား ပိုင်လယ်မြေတွေနဲ့ နေအိမ်တွေ နစ်နာဆုံးရှုံးခံခဲ့ရပြီး နေစရာမြေမရှိ လုပ်ကိုင်စရာလယ်မြေမရှိတဲ့အတွက် ယနေ့တိုင် စားဝတ်နေရေးအပြင် လူမှုဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ တပ်မတော်က သိမ်းဆည်းလယ်မြေတွေေမှာ  ရာဘာလုပ်ငန်းရှင်တွေနဲ့ ထုံးဖို လုပ်ငန်းရှင်တွေ ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားတဲ့အတွက် မူလပိုင်ရှင်တွေဟာ နေစရာမရှိ ဒုက္ခရောက်ရှိနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားထားတယ်လို့  ရွာသားတွေက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024