ရန်ကုန် ဒုတိယ ဗဟိုစီးပွားရေး ဇုန်အတွက် တင်ဒါခေါ်ပြီ
DVB
·
September 19, 2013
ရန်ကုန်မြို့ မင်းဓမ္မလမ်းနဲ့ တော်ဝင်လမ်းထောင့်မှာ အကောင်အထည်ဖော်မယ့် ဒုတိယ စီးပွားရေးဇုန်အတွက် မြေငှားရမ်းမှု တင်ဒါ ခေါ်ယူကြောင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီ ဒုတိယ စီးပွားရေးဇုန်မှာ ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ အီလက်ထရောနစ် စင်တာ၊ အရောင်းခန်းမ နဲ့ ရုံးခန်း အဆောက်အဦ ဆောက်လုပ်လိုသူတွေဟာ မြေငှားဖို့အတွက် ဒေါ်လာ ၁၀၀၀၊ ဒါမှမဟုတ် ကျပ် ၁ သန်း ပေးသွင်းပြီး တင်ဒါဆွဲနိုင်ကြောင်း ကြေညာထားပါတယ်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနဲ့ မြန်မာ့ဂုဏ်ရည်လမ်းထောင့်မှာလည်း စီးပွားရေး အဆောက်အဦတွေ ဆောက်လုပ်ဖို့ တင်ဒါခေါ်ထားပြီး တင်ဒါဖွင့်တဲ့ အခမ်းအနားကိုတော့ ထပ်ပြီး ကြေညာမယ်လို့ သိရပါတယ်။