Home
ဆောင်းပါး
ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ အဆင်ပြေဖို့ နောက် ၃ လပဲစောင့်
ရွှေအောင်
·
September 19, 2013
တရားမ၀င် မြန်မာအလုပ်သမားတွေ ၀မ်းသာရမယ့်သတင်း စက်တင်ဘာ ၇ ရက် စနေနေ့ မနက်ပိုင်းက ထုံးစံအတိုင်း အင်တာနက်ပေါ်တက်ပြီး သတင်းတွေဖတ်တော့ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် ၀မ်းသာစရာသတင်းတပုဒ် ဘီဘီစီမြန်မာပိုင်းသတင်းမှာ ဖတ်လိုက်ရပါတယ်။ သတင်းက ထိုင်းကို နည်းမျိုးစုံနဲ့ ရောက်နေကြပြီး တရားမ၀င်နေထိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုအစီအစဉ်သစ်တခုကို ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစည်းအဝေးတခုက အတည်ပြုလိုက်တယ် ဆိုတဲ့သတင်းပါ။ အစီအစဉ်သစ်မှာ အရင်နဲ့ မတူတာက တရားဝင်မှတ်ပုံတင်တဲ့နေရာမှာ အလုပ်ရှင်မလို၊ အာမခံတဲ့ ထိုင်းလူမျိုးမလိုတော့ဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ ကိုယ့်ဘာသာကိုယ် မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။ လတ်တလော လက်မှတ်လုပ်နေကြရတာက ရှုပ်ထွေး ဒီအချက်က အင်မတန်ထူးပါတယ်။ အခုလက်ရှိ လုပ်ပေးနေတဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်မှာ ထိုင်းအလုပ်ရှင်က ထောက်ခံမှ လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီမှာတင် အလုပ်ရှင်နာမည်ခံမယ့် ထိုင်းနဲ့ မြန်မာပွဲစားတွေပေါင်းပြီး လုပ်စားခွင့် ရတော့တာပေါ့။ လက်မှတ်လုပ်ဖို့ အမှန်တကယ်ကုန်ကျတာက ဘတ် ၄၊ ၅ ထောင်၊ အလုပ်ရှင်နဲ့ ပွဲစားက အပြီးအပြတ် ဘတ် ၁ သောင်း ၆ ထောင်တောင်းပြီး တနေ့တည်း အပြတ်လုပ်ပေး ဆိုတာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ထိုင်းအလုပ်ရှင်က နာမည်ခံပေးရုံဖြစ်ပြီး ကျန်တဲ့ လုပ်ငန်းစဉ်တချို့ကိုတော့ ပွဲစားကပဲ အဆင်ပြေသလို လုပ်ထားပေးပြီး လက်မှတ်ထုတ်ပေးမယ့်တရက်ပဲ လုပ်မယ့်သူက သွားရတာပါ။ ပြောရရင်ဆိုရင် လုပ်ငန်းစဉ်တချို့က ရှုပ်ထွေးပါတယ်။ အလုပ်ရှင်က နာမည်ခံရုံဆိုတဲ့အချက်ကတင် ပြဿနာတော်တော်ရှိပါတယ်။ အရေးအကြောင်းပေါ်လို့ ထိုင်းရဲက ဖမ်းရင် အဲဒီအလုပ်ရှင် ဘယ်သွားရှာရမှန်းမသိ၊ အချုပ်ခံရဖို့ပဲ ရှိပါတယ်။ တခါ ပွဲစားတွေက နာမည်အမျိုးမျိုးနဲ့ လျှောက်လွှာတွေ ကြိုတင်ထားပြီး အရေးတကြီး လုပ်မယ်ဆိုတဲ့သူပေါ်လာရင် ကြိုတင်ထားလို့ လုပ်ခွင့်ကျနေတဲ့ နာမည်နဲ့ လုပ်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ကိုယ်ကိုင်ထားတဲ့ လက်မှတ်က ကိုယ့်နာမည်အရင်းနဲ့ မဟုတ်ဘဲ တခြားနာမည်တခု ဖြစ်နေတာမျိုးပါ။ ဧည့်နိုင်ငံသားတွေလည်း လက်မှတ်လုပ်ပေးတဲ့ရုံးမှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံဝန်ထမ်းတွေ ထိုင်ပြီး ပေါင်းလုပ်ပေးတာပါ။   မြန်မာပြည်က လာအလုပ်လုပ်နေတာမှန်ပေမယ့် မြန်မာပြည်ကထုတ်ပေးတဲ့ မှတ်ပုံတင် မရှိသူ ဧည့်နိုင်ငံသားတွေကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနေတာတွေလည်း ရှိနေပါတယ်။ မေးမြန်းကြည့်တော့ ထိုင်းအရာရှိက ပြောပါတယ်။ မြန်မာအရာရှိက ထောက်ခံထားလို့ သူတို့လည်း ထုတ်ပေးတယ်တဲ့။ ထုံးစံအတိုင်း မြန်မာအရာရှိဆိုသူဟာ သူတာဝန်ကျနေတုန်း လာဘ်ယူပြီး လုပ်ပေးသွားတာ ဖြစ်ပါတယ်။ မြန်မာပြည်ကနေ အလှည့်ကျတာဝန်ယူနေတုန်းအချိန်လေး ရသလောက် အိတ်ထဲ ထည့်သွားတာပါ။ လုပ်စားခွင်ကိုလည်း မြန်မာပွဲစားတွေကပဲ လမ်းပြပေးသွားကြတာ ဖြစ်ပါတယ်။ ဒါမျိုးတွေရှိနေသလို မြန်မာပြည်ဖွားနဲ့ အိန္ဒိယနွယ်ဖွားတွေ မြန်မာပြည်က ထုတ်ပေးတဲ့ မှတ်ပုံတင်လည်း ရှိနေပါလျက် လက်မှတ်လုပ်မရတဲ့သူတွေလဲ ရှိနေပြန်ပါတယ်။ မြန်မာဘက်က အရာရှိကပဲ ခွင်ထွင်ပြီး တမင်ညစ်ထားတာ ခံရတာပါ။ ပွဲစားလမ်းကြောင်းနဲ့ ဘတ် ၁ သာင်း ၆ ထောင်ပေးလိုက်မှ လက်မှတ်ရကြပါတယ်။ [caption id="attachment_32718" align="alignright" width="300" caption="ထိုင်းနိုင်ငံ စခံလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ)"][/caption] အခုတော့ ဖြေလျော့ပေးလိုက်ပြီ ထိုင်းမှာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ အခြေခံ လိုအပ်ချက် ၂ ခုက မြန်မာပြည်မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းပါ။ အခု ထိုင်းမှာ လုပ်ပေးနေတာက အဲ့ဒီ ၂ ခု ဘာတခုမှ မရှိလည်း လုပ်လို့ရနေတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ပွဲစားတွေက အတုတွေနဲ့ တာဝန်ယူ လုပ်ပေးနေတာပါ။ ပြောရရင် ရှုပ်ထွေးတဲ့ လိုအပ်ချက်တွေ လုပ်ငန်းစဉ်တွေအကြား ပွဲစားတွေကပဲ မြန်မာနဲ့ ထိုင်း နှစ်ဘက်တာဝန်ကျဝန်ထမ်းတွေကို လာဘ်ပေးပြီး လက်မှတ်ရရှိရေး လုပ်ပေးနေတာ ဖြစ်ပါတယ်။ အခု ဘီဘီစီသတင်းအရဆိုရင်တော့ ထိုင်းအစိုးရအဖွဲ့ဟာ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို သိသွားပြီး ကာယကံရှင်ကိုယ်တိုင် လာလုပ်နိုင်တဲ့ လုပ်ငန်းစဉ်အသစ်ကို ဖြေလျော့ပေးလိုက်ဟန် ဖြစ်ပါတယ်။ သူတို့ ထုံးစံအတိုင်း အလုပ်သမားအသိအမှတ်ပြု လက်မှတ်ထုတ်ပေးလိုက်တာနဲ့ အတူ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကိုပါ အဖိုးနည်း ၀န်ဆောင်မှုပါ လုပ်ပေးမှာလည်း ဖြစ်ပါတယ်။ အင်မတန်ကောင်းတဲ့လုပ်ရပ်မို့ ထိုင်းအစိုးရတာဝန်ရှိသူတွေကို ကျေးဇူးတင် အသိအမှတ်ပြုကြရမှာလည်း ဖြစ်ပါတယ်။ ထိုင်းအစီအစဉ်သစ် အသေးစိတ် သိရသမျှ ထိုင်းအစိုးရရဲ့ အစီအစဉ်သစ်ကို သက်ဆိုင်ရာဝန်ကြီးဌာနကို အသေးစိတ် လိုက်မေးကြည့် တော့ ခုလို ထပ် သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ယူအန်အဖွဲ့အစည်းတွေ၊ အိုင်အယ်လ်အို၊ အိုင်အိုအမ်နဲ့ အလုပ်သမားနဲ့ သက်ဆိုင်တဲ့ အန်ဂျီအိုတွေလည်း တက်ရောက်ခဲ့တယ်။ ထိုင်းလုံခြုံရေးကောင်စီလည်း ပါတယ်။ - ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း အသေးစိတ်အချက်အလက် ပြုစုရဦးမယ်။ ကော်မတီတခုဖွဲ့ပြီး ဘယ်ပုံစံလုပ်မလဲ၊ ဘယ်သူတွေလုပ်မလဲဆိုတာတွေ အရင်ပြုစုရဦးမယ်လို့ ပြောပါတယ်။ အခုအစီအစဉ်အရ တရားမ၀င် အလုပ်လုပ်နေသူတွေ အားလုံးမကျန်အောင် လုပ်မယ်လို့ ပြောပါတယ်။ နယ်စပ်မှာ မနက်လာပြီး ညနေပြန်တဲ့အလုပ်သမားတွေက အစ လုပ်ခွင့်ပြုမယ်လို့ ပြောပါတယ်။ - ကျန်မာရေးအာမခံက ကလေးဆိုရင် ၁ ရက် ၁ ဘတ်နှုန်း၊ မိခင်က ၅ ဘတ်နှုန်း အမျိုးသား ၆ ဘတ်စဖြင့် မိသားစု ၃ ဦးမှာ ၁ ရက် ၁၅ ဘတ်ထက်မကျော်တဲ့ ထိုင်းဘတ်ငွေနဲ့ ဆေးကုသခွင့်အခမဲ့ ကျန်းမာရေးအာမခံ ထားရမယ်။ အဲဒါကလွဲပြီး ငွေကြေးအကုန်အကျ အသက်သာဆုံးနဲ့ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်လုပ်မယ်။ - လူမှုဖူလုံရေးနဲ့ လူမှုဘ၀အာမခံဝန်ကြီးဌာနက နေရာထိုင်ခင်းကို သတ်သတ်မှတ်မှတ် လုပ်ပြီး လိုအပ်ရင် အဆောက်အဦဆောက်ပေးပြီး လခနဲ့ ပြန်ငှားပေးတဲ့အထိ လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ - ၀န်ကြီးဌာနအစုံပါမယ်။ အဓိကတော့ ကျန်းမာရေးနဲ့ အလုပ်သမားက တာဝန်ယူလုပ်ဆောင်မယ်။ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်မယ်လို့ ပြောတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေ သိစေချင် ထိုင်းအစိုးရရဲ့ ကိုယ်တိုင်လက်မှတ်လုပ်နိုင်တော့မယ်ဆိုတဲ့သတင်းကိုရေးသူက ဘီဘီစီ ဘန်ကောက်ရုံးခွဲက ဦးဝင်းမြင့်ပါ။ သူက ထိုင်းစကားကို ရေရေလည်လည်ပြောတတ်ရုံမက ထိုင်းစကားပြောစာအုပ်ပါ ရေးထုတ် အောင်မြင်တဲ့သူ ဖြစ်ပါတယ်။ သူ ဒီသတင်းလိုက်ဖို့ ကြိုးပမ်းခဲ့ပုံနဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေ တုံ့ပန်ခဲ့ပုံကို သူက သူရဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးတင်ထားပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူများ ဖတ်ကြည့်ကြစေလိုပါတယ်။ [caption id="attachment_41314" align="alignleft" width="300" caption="ချင်းမိုင်မြို့ တနေရာတွင် လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားတချို့"][/caption] မြန်မာနိုင်ငံမှာရှိစေချင် ထိုင်းအစိုးရက တာဝန်ရှိသူတွေဟာ သတင်းထောက်တွေအပေါ် အတော်လေး အလေးထားဆက်ဆံကြတယ်။ ထိုင်းမှာ တရားမဝင် နေထိုင်သူတွေအတွက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်အပါအ၀င် လူမှုစောင့်ရှောက်ရေး အစီအစဉ်သစ်တခုကို ထိုင်းဝန်ကြီးချုပ် ရင်လတ်ခ်ရှင်နာဝပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တဲ့သတင်းကို အသေးစိတ်မေးဖို့ စက်တင်ဘာ ၆ ရက်နေ့က ကြိုးစားခဲ့တယ်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကို ဖုန်းဆက်မေးတော့ အဲဒီအစည်းအဝေးကို သူမတက်လိုက်ရလို့ အသေးစိတ်မသိဘူးတဲ့၊ ဒီအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်တာဖြစ်လို့ ကျန်းမာရေးဝန်ကြီးကို မေးချင်လားလို့ ပြန်မေးတယ်။ ဟုတ်ကဲ့။ မေးချင်တယ်ဆိုတော့ ချက်ချင်းပဲ ကျန်းမာရေးဝန်ကြီးရဲ့ အတွင်းရေးမှူး ဖုန်းနံပါတ်ပေးပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့ သိပ်အဆက်အသွယ် မရှိပါဘူး။ ကျန်းမာရေးဝန်ကြီးရဲ့အတွင်းရေးမှူးကို ဖုန်းဆက်ပြီး မိတ်ဆက်ပါတယ်။ တရားမ၀င် အလုပ်သမားတွေအတွက် အစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ၀န်ကြီးကို မေးချင်လို့ပါလို့ ပြောတော့ အတွင်းရေးမှူးစပြီးပြောတာက အခုလိုကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းကို စိတ်ဝင်စားလို့ ကျေးဇူးတင်ပါတယ်။ ကျန်မာရေးဝန်ကြီးဌာနရဲ့သတင်းကို လူအများသိအောင် ဖြန့်ဝေပေးမယ့်အတွက် ကျေးဇူးတင်ကြောင်းပြောပြီး ၀န်ကြီးကို ချက်ချင်းဆက်သွယ်ပေးတယ်။ ၀န်ကြီးအစည်းအဝေးထဲရောက်နေလို့ နောက်နာရီဝက်နေရက် ဖုန်းခေါ်မေးနိုင်ပါတယ်လို့ ဖုန်းချိန်းပေးတယ်။ ၀န်ကြီးကလည်း စိတ်ရှည်လက်ရှည်ဖြေကြားပါတယ်။ နောင်ကိုလည်း ကျန်းမာရေးဌာန သတင်းအချက်အလက်တွေ ပို့ပေးမယ်ဆိုပြီး ၀န်ကြီးအတွင်းရေးမှူးက ကျနော်ရဲ့အီးမေးလ်ကို တောင်းတယ်။ ပြောရမယ်ဆိုရင် ထိုင်းအစိုးရက သတင်းရဲ့တန်ဖိုးနဲ့ သတင်းထောက်တွေရဲ့ လုပ်နိုင်စွမ်းကို တန်ဖိုးထားပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အဲဒီလို သတင်းတန်ဖိုးနားလည်တဲ့ အစိုးရတာဝန်ရှိသူတွေ ရှိစေချင်ပါတယ်။ ဘီဘီစီသတင်းထောက် ဦးဝင်းမြင့် ရေးတင်ထားတာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ အလုပ်သမားရေးကိစ္စတခုနဲ့ ထိုင်းအလုပ်သမားဌာနကို ဖုန်းဆက်မေးတော့ ၀န်ကြီးအစည်းအဝေးထိုင်နေလို့ ပြောထားပေးပါ့မယ်လို့ သူ့အတွင်းရေးမှူးက အကြောင်းပြန်ပါတယ်။ ဖုန်းနံပါတ်တောင်းလို့ ပေးထားလိုက်ပြီး ပြောရရင် အဲဒီနေ့က ဒီကိစ္စ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သွားပါပြီ။ ညနေ ၅ နာရီခွဲလောက်မှာ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ထိုင်းအလုပ်သမားဌာနဒုဝန်ကြီး ဖြစ်နေပါတယ်။ မနက်ဖုန်းဆက်တုန်းက သူမအားလို့ တောင်းပန်ပါတယ်ဆိုပြီး သိလိုသမျှ မေးထားတာတွေ ဖြေပေးပါတယ်။ နောင်သူ့ကို တိုက်ရိုက်ဆက်သွယ်ဖို့ ဖုန်းနဲ့ အီးမေလ်လိပ်စာ ပေးပါတယ်။ ရေးနေတဲ့ စာစုပါ မြန်မာအလုပ်သမားအရေးနဲ့ မဆိုင်ပေမယ့် မြန်မာအစိုးရတာဝန်ရှိသူတွေ သိစေချင်လို့ တမင်ထည့်ရေးတာပါ။ (ပြည်သူ့ခေတ်ဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024