Live
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းမြို့နယ်တွင် အထောက်အထားမဲ့ ဝင်လာသူ ၃၄ ဦး ဖမ်းမိ
DVB
·
January 20, 2021
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ လူ ၃၄ ယောက် ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ကျွဲခြံကျေးရွာအဝဘက် သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲမှာ ရပ်ထားတဲ့ စက်လှေကို မသင်္ကာစရာဖြစ်နေလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "မနေ့က ဖမ်းမိတာပေါ့နော် အမျိုးသား ၇ ယောက် အမျိုးသမီး ၂၇ ယောက်ပေါ့၊ လောလောဆယ် အဲ့ရွာမှာပဲ စစ်ဆေးတာတွေ ပြုလုပ်ဖို့အတွက် လုံခြုံရေးနဲ့ ထိန်းသိမ်းထားပါတယ်'' လို့ ပြောပါတယ်။ ဖမ်းဆီးမိတဲ့ အထောက်အထားမဲ့ ၃၄ ယောက်ကို  ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကွာရန်တင်း ပုံစံထားရှိပြီး လိုက်ပို့တဲ့ စက်လှေမောင်း ၃ ယောက်ကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ၃၄ ယောက်ကို လိုအပ်တဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံပေးထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးပြီး လုပ်ထုံးလုပ်နည်း အတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့  မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ ယောက်ကိုတော့  သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဧရာ၀တီတိုင်းမှာ ၂၀၁၉ ခုနှစ်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက၀င်ရောက်လာတဲ့ အထောက်အထားမဲ့သူတွေကို ဖမ်းမိမှု ၃ ကြိမ်ရှိခဲ့ပြီး အထောက်အထားမဲ့၀င်ရောက်လာသူ စုစုပေါင်း  ၁၄၈ ဦးထိရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထွန်းထွန်းနိုင် (မော်ကျွန်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024