ရေးမြို့နယ် လိပ်ပုတ်ရေတံခွန်ကို လာရောက်အပန်းဖြေသူ များပြားလာ
DVB
·
January 20, 2021
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုရှိ လိပ်ပုတ်ကျေးရွာ ရေတံခွန်ကို ယာယီပိတ်ထားလိုက်ရာကနေ သွားလာခွင့် ပြန်လည်ခွင့်ပြုပေးထားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိပ်ပုတ်ရေတံခွန်ဟာ အရင် လမ်းပန်းဆက်သွယ်ရေးမကောင်းခင်က လူတွေအသွားအလာ မရှိပေမယ့် အခုကားလမ်းက လမ်းတွေဖောက်ပြီး ကတ္တရာလမ်းလည်း ဖြစ်လာတာကြောင့် ဒေသအတွင်းက လူတွေ ကားတွေနဲ့ တနေ့ထက်တနေ့ အလုပ်ပိတ် အားလပ်ရက်မှာ အပန်းဖြေ အနားယူသူတွေနဲ့ စည်းကားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တစ်ဦးက “ရေးမြို့နယ်အတွက် ခရီးသွားအပန်းဖြေတဲ့ နေရာသစ်တခုဖြစ်လာတာကြောင့် ဒေသခံတွေ ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရလာနိုင်တယ်”လို့ ပြောပါတယ်။
လိပ်ပုတ်ရေတံခွန်ကို သွားဖို့ဆိုရင် ရေးမြို့ကနေ တဆင့် ကျောင်းရွာကျေးရွာကို ကားလမ်း အတိုင်း ၅ မိုင်လောက် ဆက်သွားရပြီးတော့ ရေတံခွန်ရဲ့ အနီးနားဝန်းကျင်မှာလည်း သမိုင်းဝင် ဆေးတောင် ဘုရားလည်းရှိပါတယ်။
မွန်-ကရင် ကရင်တိုင်းသားတွေ အများဆုံးနေထိုင်ကြ ရာ ဒေသတစ်ခုလည်းဖြစ်ပြီး ကွမ်းသီး၊ သံပုရာ၊ ရာဘာ ဥယျာဉ်ခြံတွေနဲ့ စိမ်းလန်းစိုပြေတဲ့ တောင်တန်းတွေရဲ့ အလှပတွေ ရှုမြော်ခံစားနိုင်ပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)