ကျောက်ကြီးဒေသခံ ၂ ဦးကို ကေအန်ယူပစ်ခတ်သတ်ဖြတ်ဟု တပ်မတော်စွပ်စွဲ
DVB
·
January 20, 2021
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာ အရပ်သား နှစ်ယောက်ကို ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့က ပတ်ခတ်သတ်ဖြတ်ပြီး ငွေကြေးတချို့ကို ယူဆောင်သွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပါတယ်။
ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာအနီးမှာ ဇန်နဝါရီ ၁၉ ရက် မနေ့ မွန်းလွဲပိုင်းက လက်နက် ငယ်ပစ်ခတ်သံကြားရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးခဲ့ရာ ကျောက်ကြီးမြို့၊ တောင်ငူတန်း ရပ်ကွက်နေ ဦးတာ (၅၄)နှစ်နဲ့ ဦးထွန်းစိုး (၄၂)နှစ်တို့ လက်နက်ငယ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ဆိုပါတယ်။
ကနဦးစုံစမ်းချက်အရ အဆိုပါအရပ်သား နှစ်ယောက်ဟာ ကေအန်ယူ တပ်မဟာ (၅)၊ ပြည်သူ့စစ်တပ် ရင်း(၁)အဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူ နှစ်ယောက်ရဲ့ ဈေးရောင်းရ ငွေတွေလည်း လုယက် ယူဆောင်သွားခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
ဦးတာနဲ့ ဦးထွန်းစိုးတို့ နှစ်ဦးဟာ ဇန်နဝါရီ ၁၉ ရက် မနက်က ဆိုင်ကယ်တစ်စီးစီနဲ့ ဖာပွန်ခရိုင် ဘောစဲခို စခန်းသို့ ဈေးရောင်းသွားကြပြီးအပြန်မှာ ဒေသအခေါ် ရှာမားကုန်းအတက်မှာ ကေအန်ယူတပ်မဟာ ၅ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နတ်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ဘက်နဲ့ခြေသလုံးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာလို့ ကျောက်ကြီးမြို့မရဲစခန်းကလည်း ပြောပါတယ်။
ဒီပစ်ခတ်မှုဟာ ဖာပွန်ခရိုင်ထဲမှာဖြစ်လို့ ဖာပွန်ရဲစခန်းကို လှမ်းအသိပေးထားပြီး အမှုဖွင့်ထားခြင်းတော့ မရှိသေးဘူးလို့ ကျောက်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျောက်ကြီးမြို့ခံ တချို့ဟာ ကရင်လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်ရာနေရာတွေကို သွားရောက်ဈေးရောင်းချလေ့ရှိပြီး အပြန်မှာဒေသထွက် အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်၊ ဆိတ်တွေကို ပြန်လည်ဝယ်ယူလေ့ရှိတယ်လို့ ဈေးရောင်းချဖူး သူတချို့ထံက သိရပါတယ်။
“ဈေးရောင်းချဖို့သွားလာသူတွေကို ကေအန်ယူဘက်ကရော တပ်မတော်ဘက်ကပါ ပိတ်ပင် တားမြစ်တာမျိုး လုပ်လေ့မရှိဘူး။ နောက်တစ်ခုက ဘောစဲခိုအနီးမှာတပ်ဘက်က တပ်စခန်းနေရာချထားတာမျိုး မရှိဘူးဆိုတော့ တွေးစရာလည်းဖြစ်နေတယ်” လို့ ကျောက်ကြီးဒေသခံ တစ်ဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒို စောကွယ်ထူးဝင်းနဲ့ ဖာပွန်က ကေအန်အယူ ဆက်ဆံရေးရုံးခွဲတာဝန်ရှိသူတွေထံ ဒီနေ့မနက်က ဖုန်းနဲ့ဆက်သွယ် စုံစမ်းမေးမြန်းပေမယ့်လည်း လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
အန်စီအေလက်မှတ်ထိုးထားချိန် ကေအန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာ တပ်မတော်ဘက်က မဟာဗျူဟာကားလမ်း ဖောက်လုပ်တဲ့အပြင် တပ်စခန်း တိုးချဲ့မှုတွေအပေါ် ကေအန်ယူနဲ့ ဒေသခံတချို့က ကန့်ကွက်မှု ရှိနေသလို အခုရက်ပိုင်းမှာ နှစ်ဘက် ပစ်ခတ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ကေအန်ယူနဲ့ တပ်မတော်အကြား အပြန်အလှန် စွပ်စွဲပစ်တင်တာတွေလည်း ရှိနေပါတယ်။
သတင်း - ရဲထွဋ်