Home
ဆောင်းပါး
ခရမ်းဦးတင်မောင်ဝင်း နှစ် ၃၀ အလွမ်း
မောင်တူး
·
January 20, 2021
“ဦးတင်မောင်ဝင်း (ခရမ်း) နှစ် ၃၀”  ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန်ခြင်းကား၊  ဆောင်းတွင်း ၃ဝ ရှိပါပြီ။  သည်ဆောင်းခါချိန်၊ နရသိန်ဆိုး အင်းစိန်ထောင်တွင်း၊ အသက်ပြင်းလည်း စဉ်းလဲသူများ၊ နုတ်ယူသွားခဲ့ ဝိညာဉ်မဲ့စွာ၊ သူ့ခန္ဓာအား ခွပ်ဒေါင်းများက ဦးညွတ်ခဲ့ကြ၏။ ဦးတင်မောင်ဝင်း(ခရမ်း) ဟာ သမိုင်းဝင် တကသ၊ ဗကသ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ခေါင်းဆောင်တဦး ဖြစ်ခဲ့သလို ၁၉၉ဝ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ရန်ကုန်တိုင်း ခရမ်းမြို့နယ်က ရွေးကောက်ခံ အမတ်တဦးလည်း ဖြစ်တယ်။ သူဟာ NLD ရဲ့ ရန်ကုန်တိုင်း တာဝန်ခံလည်းဖြစ်ပြီး စစ်အစိုးရရဲ့ နာမည်ဆိုးလှတဲ့ အင်းစိန်အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်ခံရပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ဆုံးပါးသွားခဲ့ရပါတယ်။ အခုဆို ဦးတင်မောင်ဝင်း(ခရမ်း) မရှိတော့တာ နှစ် ၃၀ ရှိပါပြီ။ ချစ်သူတို့ သက်တမ်းတိုလှ၏။ မုန်းသူတို့ သက်တမ်းရှည်လှ၏။  ကြေကွဲ၍ မဆုံးပါ။ ။   (တင်မိုး) ဦးတင်မောင်ဝင်း(ခရမ်း) ဟာ အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းသားသမဂ္ဂအနေနဲ့ လှုပ်ရှားခဲ့တယ်။ တက္ကသိုလ်ကျောင်းမှာလည်း သူ ခေါင်းဆောင်တယ်။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံရဲ့ ဦးဆောင်သူ တဦးလည်း ဖြစ်တယ်။ မဆလ ဦးနေဝင်း စစ်အစိုးရလက်ထက်ကတည်းက သူဟာ ၇ နှစ် ထိန်းသိမ်းခံခဲ့ရပြီး ၁၉၉ဝ ရွေးကောက်ပွဲအပြီး အာဏာလွှဲမပေးချင်လို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ NLD ၁၉၉၀ လွှတ်တော်အမတ်တွေထဲမှာ ဦးတင်မောင်ဝင်းဟာ တဦးအပါအဝင် ဖြစ်ခဲ့တာပါ။ သူ့ကို ဖမ်း၊ အင်းစိန်ထောင်အတွင်း နှိပ်စက်ခံရပြီးနောက် အသက်ဆုံးသွားပုံကို မိသားစုဆီ ချက်ချင်း အသိမပေးခဲ့ဘူး။ နောက်တရက်ကြာမှ မိသားစုကို အင်းစိန်ထောင်ကိုခေါ်ပြီး ဦးတင်မောင်ဝင်းရဲ့ အလောင်းကို ကြည့်ခွင့်ပေးတယ်။ နောက်တရက် ၂ဝ- ၁- ၁၉၉၁ မြင်ကွင်းကို သူ့ဇနီး စာရေးဆရာမခင်လှိုင်ကြူက (လွမ်းလေသမျှ - မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူတယောက်အကြောင်း) စာအုပ် စာမျက်နှာ ၁၆၀ မှာ အခုလိုရေးတယ်။ “နွေခေါင်ခေါင်မှာ အရိုးပြိုင်းပြိုင်းထနေသည့် သစ်ပင်များကိုတွေ့ဖူးသည်။  စိမ်းစိမ်းစိုစို အရွက်ရှိရမည့်နေရာမှာ အရွက်တို့ ခြောက်ပြီး ကြွေကျကုန်ခဲ့ပြီ။ သည်လို အရိုးပြိုင်းပြိုင်း ထနေသည့် လူသားဆို၍ အာဖရိကနိုင်ငံ ငတ်မွတ်ခေါင်းပါးသည့် ဒေသမှ ကလေးငယ်များ၏ ရုပ်ပုံများကိုတွေ့ဖူးသည်။ သည်ကလေးများကိုယ်မှာ အသားမရှိ။ နံရိုးတို့ကို အချောင်းလိုက်မြင်ရသည်။ မြတ်စွာဘုရားသခင် ၆ နှစ်တာကာလပတ်လုံး ဒုက္ကရစရိယာကျင့်ပြီးနောက် ကိုယ်တော်၏အနေအထားကို ခန့်မှန်း ရေးဆွဲထားသော ပန်းချီကားများကို တွေ့ဖူးသည်။ နံရိုးအပြိုင်းပြိုင်း၊ မျက်တွင်းက ဟောက်လျက်။ သည်အတိုင်းပါပဲ။ ရက်ပေါင်းမည်မျှ ဆေးမကုရ။ အစာမစားရ ဒုက္ခခံနေခဲ့ရလို့လဲ။ ရက်အနည်းငယ်အတွင်းမှာ သူ့ခန္ဓာကိုယ်က ဘာကြောင့် သည်လောက်အထိ ဆွဲယူပစ်လိုက်သလို ကျသွားရတာပါလိမ့်။ နံရိုးအပြိုင်းပြိုင်း၊ မျက်တွင်းက ဟောက်ပက်။ အသက်ကင်းမဲ့နေသော သူ့မျက်လုံးများက သူအလွန်ချစ်ခင်တွယ်တာသော ဇနီးကိုလည်းမမြင်၊ သားနှင့် သမီးကိုလည်းမမြင်၊ အေးစက်သော သံသေတ္တာအကန့်ထဲမှာ တိတ်ဆိတ်စွာ သူလဲလျောင်းနေသည်။ ကျမက သူ့နဖူးကိုငုံ့နမ်းလိုက်သည်။ အေးစက်သော အထိအတွေ့က ကျွန်မရင်ကို ချောက်ချားစေသည်။ 'ဖေဖေ့နဖူးမှာ ကွဲနေသလိုပဲ။ တခုခုနဲ့ ဆောင့်ထားမိတာလား။ ဒဏ်ရာရထားတာလား မသိဘူး။' ”  တစ်ကိုးကိုးတစ်၊ ဆယ့်ရှစ် ဇန်နဝါရီ (၁၈- ၁- ၁၉၉၁) မြန်မာပြည်သား၊ ခွပ်ဒေါင်းများခေါင် ဦးတင်မောင်ဝင်း၊ ကျဆုံးခြင်းက မျက်ရည်စတွေ စီးကျခဲ့ပြီ။   “လူကိုသတ်တာ၊ ကင်ဆာပါလား ကင်ဆာကျဆုံးပါစေ” တဲ့။  (၉၁ ခု ဇန်နဝါရီ ၁၈ ကျဆုံး ဦးတင်မောင်ဝင်းဈာပနပန်းခွေမှကဗျာ) တောင်းကုန်းသိမ်းပိုက်၊ အောင်လံစိုက်ဖို့၊ လူတို့အသက်၊ ဘယ်လောက်ထွက်ခဲ့ရပြီလဲ ဆိုသလိုပါပဲ။ ဒီနေ့ အိမ်ရှေ့တွေမှာ အလံအနီကလေးတွေ လွတ်လွတ်လပ်လပ် အတားအဆီးမရှိ ထူထောင်ခွင့်ရဖို့ အသက်တွေ၊ ဘဝတွေ အများကြီး ပေးခဲ့ရပါတယ်။ ဒါကို သား သမီး မြေး မြစ်တွေက “ဟုတ်လို့လား” ဆိုပြီး မေးတတ်ကြပါတယ်။ ဒီလို အသက်ပေးခဲ့ရသူတွေထဲမှာ ခရမ်းဦးတင်မောင်ဝင်းနဲ့တကွ စာရေးဆရာ မောင်သော်က၊ ဦးအောင်မေသု၊ ဦးမောင်ကို၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ ရန်ကြီးအောင်စိန်ဝင်း၊ ကိုသက်ဝင်းအောင်၊ ဦးသိန်းတင်၊ မုံရွာတင်ရွှေနဲ့ ဗိသုကာဦးကျော်မင်းတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်ရှိပါရဲ့။ ထောင်တွင်း အသက်ဆုံးခဲ့ရသူတွေအကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာမောင်ဝံသက ခုလို ရေးခဲ့တယ်။  “နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်မြင့်၊ ရန်ကြီးအောင်ကိုစိန်ဝင်း၊ မုံရွာတင်ရွှေ၊ မောင်သော်က၊ ခရမ်းကိုတင်မောင်ဝင်း၊ ရန် ကုန်တိုင်း ဦးသိန်းတင် (တင်သိန်းမောင်)၊ ဗိသုကာဦးကျော်မင်းတို့ကို မြင်ယောင်နေမိတယ်။ ရန်ကြီးအောင်စိန်ဝင်းဟာ  တွဲဘက်ထောင်မှာ ကျွန်တော့်ရှေ့မှာတင် အသည်းရောဂါနဲ့ မရှုနိုင်မကယ်နိုင်အချိန်ကျမှ ဆေးရုံပို့တယ်။ ခရမ်းကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့ အတူနေရစဉ်ကတည်းက သွေးဝမ်းတွေသွားနေပြီ။ အင်းစိန်ထောင်ရောက်တော့ ဗိသုကာ ဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ် တခန်းတည်း နေကြရသေးတယ်။ အဲဒီအချိန် ကိုတင်မောင်ဝင်း မလှုပ်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို ကျောတွေ ပေါင်တွေတက် တက်နင်းပေးတယ်။ ဒီလိုနဲ့ သူအကြောတွေ တက်နေတာ သက်သာရာနည်းနည်းရသပေါ့။ သုံးယောက်ပေါင်းက တနေ့နဲ့တစ်ညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂန်ဖလားတွေကို မနက်စောစော မိလ္လာချချိန်မှာ ကျော်မင်းနဲ့ကျွန်တော်က အပြင်မှာ သွားသွန်ကြရတယ်။ ရေမလုံလောက်လို့ သေချာမဆေးနိုင်တဲ့ ဂံဖလားတွေ ပြန်သွင်းလာရတယ်။ ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တနေရာစီ တခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တနေ့မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး။ ဆုံးသွားပြီလို့ သတင်းကြားရပါတယ်။ ဆရာမောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃ တိုက်မှာရှိကြစဉ် ဆရာ ရေချိုးထွက်တာကို လှမ်းနှုတ်ဆက်လိုက်ရသေးတယ်။ နေ့လယ်ကျတော့ ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံပို့ လိုက်ပြီတဲ့။ နောက်နေ့ကျတော့ ဆုံးသွားပြီတဲ့။ ၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀(က) နဲ့ ပြန်ဝင်ရတော့ တွဲဘက်ထောင် ကျွန်းတိုက်မှာ အတူနေတဲ့ထဲက ကိုတင်သိန်းမောင် အသည်းရောဂါနဲ့ အချိန်လွန်မှ ဆေးရုံတင်လို့ ဆုံးရှာတယ်။ ဗိသုကာ ဦးကျော်မင်းလည်း ဆေးရုံတင်ပြီး ကုလို့မရတဲ့ အခြေအနေရောက်တော့ ပြန်လွှတ်ပေးတယ်။ အပြင်မှာဆုံးသွားတယ်။”  NLD ၏၊ သံမဏိလူ သူ့ခံယူချက်၊ အပျက်မခံ အသေခံသူ၊ ကျောက်တိုင်လူသား ကောင်းရာသုဂတိလားပါစေ။ ။  “ခရမ်းဦးတင်မောင်ဝင်း နဲ့ ကင်ဆာရောဂါ ပြဿနာ” ကြယ်ကြွေတာ  ကင်ဆာတဲ့လား ကင်ဆာကျဆုံးပါစေ။ ။  သည်ကဗျာကလေးကလဲ ခရမ်းဦးတင်မောင်ဝင်း ကျဆုံးခဲ့အပြီး ထွက်ပေါ်လာခဲ့တယ်။ ထောင်ချတိုက်ပိတ်၊ နှိပ်စက်သတ်ပြီး တာတောင်မှ ထောင်ဆရာဝန်က ဦးတင်မောင်ဝင်းဟာ ရုတ်တရက် ကင်ဆာကြောင့် သေရတယ်လို့ ပြောခဲ့တာကိုး။ သည် ပြဿနာကို ၂ဝ- ၁- ၁၉၉၁ က မြင်ကွင်းနဲ့အတူ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမ ခင်လှိုင်ကြူက (လွမ်းလေသမျှ မြန်မာ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူ တယောက်အကြောင်း) စာအုပ် စာ မျက်နှာ ၁၅၉ မှာ အခုလို ရေးပါတယ်။ “ထောင်ပိုင်ရုံးခန်းထဲ ထောင်ပိုင်၊ ဒုထောင်ပိုင်တို့ ရှိနေကြသည်။ ထောင်ပိုင်ကြီးက သူ့စားပွဲရှေ့မှ ကုလားထိုင်မှာ ကျွန်မတို့ကို ထိုင်ခိုင်းသည်။ သမီးနှင့် ဆရာဦးတင်မိုးက ဒုထောင်ပိုင်စားပွဲရှေ့မှာ ထိုင်သည်။ ထောင်ပိုင်ကြီးက . . . . .  “ဦးတင်မောင်ဝင်းအကြောင်း ပြောမလို့ပါ။ သိပြီး ဖြစ်မယ်ထင်ပါတယ်။” “သူ ဆေးရုံတက်နေတယ်လို့ သတင်းကြားပါတယ်။ “ “သူ ဆုံးသွားပါပြီ” “ရှင် . . . .” “ကျွန်တော်တို့လည်း ဆေးရုံတင်ပြီး ကုပေးပါတယ်။ မနေ့ မနက်စောစောမှာ သူဆုံးပါတယ်။ “ “ ဘုရား၊ ဘုရား သူ ဘာဖြစ်တာလဲ။ ဘာရောဂါနဲ့လဲ။ “ “ သွေးကင်ဆာ” မြတ်စွာဘုရား . . . . . . . . ရောဂါကြီးကလည်း ကြောက်စရာပါလား။ သူ့မှာ ဒီရောဂါ ဘယ်တုန်းက ဖြစ်သွားတာပါလိမ့်။ ထောင်ထဲရောက်တာ နှစ်လပင်မရှိသေး။ လွန်ခဲ့သည့် ၁ လလောက်ကပင် ဦးကျော်ဦးတို့နှင့်အတူ ကျန်းကျန်းမာမာ ရှိနေသေးသည်။ ဒီဇင်ဘာ ၂၅ ရက်ကတကြိမ်၊ ဇန်နဝါရီ ၄ ရက်ကတကြိမ် ကျွန်မဆီ စာရေးတုန်းက သူဖြစ်နေတာက ဝမ်းကိုက်တာပါ။ ဘယ်လိုကြောင့် သွေးကင်ဆာ ဆိုတာတဲ့လဲ။ ခြောက်လတကြိမ် သူသွေးစစ်နေကျ။ သည်တုန်းက သူ့မှာ သွေးကင်ဆာ လက္ခဏာမရှိခဲ့ပါဘူး။ မဟုတ်ဘူး . . . . တခုခုတော့ လွဲနေပြီ။ ကျွန်မရင်ထဲမှာ ပြောချင်သည့်စကားများ ပလုံစီနေသည်။ မျက်ရည်တို့က မထိန်းနိုင် မသိမ်းနိုင်။  “ကင်ဆာတဲ့လား။ ဒါကို ဘယ်သူပြောတာလဲ။ “ “ကျွန်တော်က ထောင်ဆေးရုံက ဆရာဝန်ပါ။ ကျွန်တော်တို့ သွေးသွင်းဖို့ ကြိုးစားပါသေးတယ်။ သွင်းလို့ မရပါဘူး။“ “ဒီလိုလား။ . . .ကင်ဆာဆိုတာ သေတတ်တဲ့ ရောဂါဘဲဆရာရယ်။ မသေခင် မိသားစုကိုတော့တွေ့ခွင့်ပေးဖို့ ကောင်းပါတယ်။” “ကျွန်တော်တို့လဲ တာဝန်အရပါ။ နားလည်ပေးပါ။” ထောင်ဆရာဝန်က ဆင်ဝှေ့ရန်ရှောင် ဖြေလိုက်သည်။ ဘယ်လို နားလည် ပေးရမှာပါလိမ့်။ လူသားချင်း စာနာစိတ် မရှိနိုင်သည့် တာဝန်ဆိုကို နားလည် ပေးရမှာလား။ ဝုန်းကနဲ ကုလားထိုင်ဆောင့် တွန်းလိုက်သံကို တဖက်စားပွဲမှ ကြားလိုက်ရသည်။  “ဖေဖေ့ကို ဟိုလူကြီးသတ်တာ။ သူသတ်တာ။ “ သမီးက နံရံပေါ်မှ ဦးနေဝင်းဓာတ်ပုံကြီးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ငိုသံပါကြီးနှင့် ဗလုံးဗထွေး ပြောလိုက်သည်။ အားလုံးအံ့အားသင့်သွားကြသည်။ သူရပ်နေသည့်စားပွဲမှ ဒုထောင်ပိုင်က လက်တကာကာနှင့် . . . .  “သူ့ကို ထိန်းပေးပါ။ “ သမီးအနားမှာ ဦးတင်မိုး ရှိနေသည်။ ဦးနေဝင်းပုံကြီးကို လက်ညှိုးထိုးမြဲထိုးပြီး . . . . . .  “ဟိုလူကြီး သတ်တာ။ ဟုတ်တယ်။ . . . အဲ့ဒီလူကြီးက သတ်ခိုင်းတာ။ “ ခရမ်းဦးတင်မောင်ဝင်းလို ထောင်တွင်း သေဆုံးခဲ့ရသူ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေကို ကင်ဆာကြောင့် ဒါမှမဟုတ် တခြား ရောဂါတွေကြောင့် သေရတယ်ဆိုပြီး အာဏာပိုင်တွေက ကြုံရာရောဂါ အမည်တပ်လေ့ရှိပါတယ်။  ရန်ကြီးအောင် ဦးစိန်ဝင်းဆိုရင် ဝမ်းကိုက်ရောဂါကို စနစ်တကျ ဆေးကုမပေးလို့ သေခဲ့ရတာပါ။ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမောင်ကို ဟာလည်း အဖမ်းခံရပြီး ၇ ရက်အကြာ ရေကြည်အိုင် စစ်ကြောရေးမှာ ရုတ်တရက် သေဆုံးခဲ့တယ်လို့ ဆိုပေမဲ့ သူ့အလောင်းကို မြင်ခဲ့ရသူတွေကတော့ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ကြပါတယ်။  စစ်အစိုးရခေတ် ထောင်က လွတ်ပြီးမှ ထောင်တွင်းက ဒဏ်ရာတွေနဲ့ ကြွေလွင့်သွားရတဲ့ သူတွေ ရှိခဲ့ပါတယ်။ ထောင်သက် နှစ်၂၀ နီးပါး ကျခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုလှမျိုးနောင်၊ သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ အမှုဆင်အဖမ်းခံရတဲ့ ကိုညီညီဦး၊ စစ်အစိုးရလက်ထက် ထောင်ထဲမှာ ၂၃ နှစ်နီးပါး (သံခြေချင်းနဲ့ ၁၁နှစ်) နေခဲ့ရတဲ့ ကိုဂျော်လီထွန်းတို့ဟာ ထောင်တွင်းက ရရှိခဲ့တဲ့ ဝေဒနာတွေနဲ့ ကွယ်လွန်ခဲ့ကြရတာပါ။ သူ့ရည်မှန်းချက်၊ လူထုတွက်တာ လွတ်လပ်ရာလမ်း၊ မြတ်ပန်းဒီမိုကရေစီ မြန်မာပြည်မှာ ထွန်းကားပါစေသား။ ။  #မောင်တူး  အခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ဟာ ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ နှစ် ၃၀ ပြည့်ပါ။ ဒီရက်ရောက်တိုင်း နှစ်ပတ်လည် ဆွမ်းကျွေးပွဲ လုပ်မြဲပါ။ ဦးတင်မောင်ဝင်းရဲ့ ရဲဘော်ရဲဘက်တွေလည်း တက်ရောက်ကြမြဲ ဖြစ်ပါတယ်။ ဒါဟာ ဦးတင်မေင်ဝင်းကို နှစ်စဉ် နှစ်တိုင်း လေးစား ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ဖူးပါတယ်။  “ကျမ အကျယ်ချုပ် မဟုတ်ပဲ လွတ်နေတဲ့ အချိန်မှာ ဆိုရင် ဦးတင်မောင်ဝင်းရဲ့ နှစ်ပတ်လည်တိုင်း လာပါတယ်။ လာတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအချင်းချင်းပေါ့နော် ဒီလူ မရှိတော့ရင်တောင်မှ မိသားစုတွေ အချင်းချင်း လက်တွဲသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာကြတာပါ။ တယောက်နဲ့တယောက် တဦးနဲ့တဦး သစ္စာနဲ့ မေတ္တာနဲ့ ထားပြီးတော့ လုပ်လာကြတာပါ။ ဒီလို လုပ်လာလို့လည်းပဲ အခုထိ ကျမတို့ ရပ်တည်နေနိုင်တာပါ။” (ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၂၁ နှစ်မြောက်နေ့ ဦးတင်မောင်ဝင်း နေအိမ်မှာ ပြောကြားချက်)  “ပန်းမျိုးဆက်များ” ပွင့်ရန်အားခဲ ငုံဆဲခိုက်။ ယုတ်မာသိမ်ဖျင်း လေပြင်းတိုက်။ တပွင့်ဇာနည် ကြွေပြီတဲ့။ ကျန်သည့်ပန်းတွေ ငုံနေရဲ့။ ။  (ထိန်လင်း) ၂၃၊ ၇၊ ၂၀၀၁ ဦးတင်မောင်ဝင်းအတွက် မှတ်တမ်းကဗျာ ဒီကဗျာလေးလိုပါပဲ။ ခရမ်း ဦးတင်မောင်ဝင်း စိုက်ပျိုးခဲ့တဲ့ စိတ်ဓာတ် ပန်းမျိုးဆက်တွေကတော့ ဆက်ပြီး ဖူး ငုံ ပွင့် လန်း လာနေကြပါပြီ။ ဦးတင်မောင်ဝင်းအမှတ်တရအဖြစ် သူပြောခဲ့ဖူးတဲ့ မိန့်ခွန်း ရဲရဲတောက်စကားနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ အဲ့သည်စကားကတော့ . . .  “ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ အသက်ကို မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးတောင်ပုံရဲ့ အောက်ဆုံးနေရာမှာ ကျွန်တော့်အရိုး ရှိရပါစေ့မယ်။” သူဟာ ပြောတဲ့အတိုင်းလည်း အသက်အသေခံပြီး တိုက်ပွဲဝင်သွားသူ၊ ဒီနေ့လို အခြေအနေအထိ ရောက်လာနိုင်ဖို့ မြန်မာ့ ဒီမိုကရေစီရေးအတွက် အသက်ပေးသွားခဲ့သူ တယောက်ပါဗျာ။ ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024