Homeမြန်မာသတင်း
ပုသိမ်မြို့နေပြည်သူများက ကိုဗစ်ကာကွယ်ဆေးအတွက် ကျပ် ၁၇၆ သိန်းကျော်နှင့် ဒေါ်လာ ၇၃၀၀ လှူဒါန်း
ပုသိမ်မြို့နေပြည်သူများက ကိုဗစ်ကာကွယ်ဆေးအတွက် ကျပ် ၁၇၆ သိန်းကျော်နှင့် ဒေါ်လာ ၇၃၀၀ လှူဒါန်း
DVB
·
January 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပုသိမ်မြို့နေ ပြည်သူတွေက တိုင်းကျန်းမာရေးဦးစီးဌာနကို မြန်မာငွေကျပ် ၁၇၆ သိန်းကျော်နဲ့ ဒေါ်လာ ၇၃၀၀ လှူဒါန်းခဲ့တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
ပုသိမ်မြို့သူ မြို့သားတွေရဲ့ ပါဝင်လှူဒါန်းတဲ့ အလှူငွေတွေကို ၂ ကြိမ်ခွဲပြီး တိုင်းကျန်းမာရေး ဦးစီးဌာနကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
"ဆရာအနေနဲ့လှူတာမျိုးမဟုတ်ပါဘူး ပုသိမ်မြို့သူ မြို့သားတွေရဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူငွေတွေကို တိုင်းကျန်းမာရေးဌာနကို သွားလှူပေးခဲ့ပါတယ်၊ ဆရာကြီးကလည်း ဆက်ပြီးတော့ နေပြည်တော်က ဘဏ်အကောင့်ထဲကို ထည့်ပေးဖို့ ဆောင်ရွက်နေပါတယ်'' လို့ ပြောပါတယ်။
တိုင်းကျန်းမာရေးဌာနကို ပထမအကြိမ်လှူတန်းခဲ့တဲ့ ဒေါ်လာ ၅၀၀၀ အလှူရှင်ကတော့ အမည်မဖော်လိုသူဖြစ်ပြီး ဒုတိယအကြိမ် လှူတဲ့ မြန်မာငွေကျပ် သိန်း ၁၇၆ သိန်းကျော်နဲ့ ဒေါ်လာ ၂၃၀၀ ကတော့ မြို့သူ မြို့သားတွေနဲ့ ဂရုဏာအသင်းကဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးက မြန်မာနိုင်ငံကို ဖေဖော်ဝါရီလထဲမှာ ရောက်လာနိုင်ပြီး ကာကွယ်ဆေးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေ ဦးစားပေး ထိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဇန်နဝါရီ ၁၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၅၃၉၅ ယောက် အထိရှိနေပြီး ဒီအထဲကသေဆုံးသူ လူနာ ၅၁ ယောက် ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)