YUPT ကုမ္ပဏီရှယ်ယာရှင် ၁၃၈ ဦးက အစုရှယ်ယာငွေ ကျပ် ၃ ဘီလီယံကျော်ကို ပြန်ရောင်းချ
စိုးမိုးအောင်
·
January 20, 2021
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီ (YUPT) ရဲ့ ရှယ်ယာရှင် ၁၃၈ ယောက်ကနေ အစုရှယ်ယာငွေ ကျပ် ၃ ဘီလီယံကျော်ကို ပြန်လည်ရောင်းချခဲ့ပြီးဖြစ်တယ်လို့ YUPT ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောပါတယ်။
YUPTကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရက ၃၅ ဘီလီယံ အစုရှယ်ယာပါဝင်သလို ရှယ်ယာရှင်တွေရဲ့ အစုရှယ်ယာက ၅ ဘီလီယံကျော်ပါဝင်ပြီး အစုရှယ်ယာရှင်ရဲ့ ရှယ်ယာငွေ ၄ ဘီလီယံကျော်ကို ရှယ်ယာရှင်တွေဘက်က ပြန်လည်ရောင်းချချင်ကြောင်း ဆန္ဒပြုထားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အစုရှယ်ယာရှင် ၁၃၈ ယောက်ရဲ့ ရှယ်ယာငွေပေါင်း ၃ ဘီလီယံကျော်ကို ကုမ္ပဏီ ၄ ခုရဲ့ လူပုဂ္ဂိုလ် ၄ ယောက်ကနေ ပြန်လည်ဝယ်ယူခဲ့တယ်လို့ ဦးဇော်ထွန်းက ပြောပါတယ်။
ရောင်းဖို့ ကျန်ရှိနေတဲ့ ရှယ်ယာရှင် ၇၇ ယောက်ရဲ့ အစုရှယ်ယာ ၁ ဘီလီယံကျော်ကိုလည်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ခရီးသည်တင်ဘတ်စ်ကားတွေကို အရင်မထသစနစ်ကနေ YBS စနစ်ကို ၂၀၁၇ ခုနှစ်ဇန်နဝါရီ ၁၆ ရက်က စတင်ပြောင်းလဲခဲ့ပြီး အစုရှယ်ယာရှင်တွေစုပေါင်းပြီး YUPT အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့တာပါ။
YUPTကုမ္ပဏီက ရှယ်ယာရှင်တွေအနေနဲ့ အမြတ်ငွေမရတဲ့အပေါ် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့သလို ရှယ်ယာရှင်တွေဘက်က တရားစွဲဆိုမယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။