Home
မြန်မာသတင်း
ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော်သက်တမ်းတွင် မေးခွန်းပေါင်း ၂၀၀၀ ‌ခန့်မေးမြန်းခဲ့
ပိုင်စိုး
·
January 20, 2021
ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော်သက်တမ်းမှာ မေးခွန်းပေါင်း ၂၀၀၀ ‌လောက် မေးမြန်းခဲ့ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တယောက်ကတော့ သက်တမ်း ၅ နှစ်လုံးမှာ မေးခွန်း တခုမှ မမေးခဲ့ပါဘူး။ လွှတ်တော်ကိုလေ့လာပြီး ကနောင်အင်စတီကျုက ထုတ်ဝေတဲ့ မန်းတောင်ရိပ်ကလွှတ်တော်ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် သက်တမ်းမှာ အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ကျင်းပခဲ့ပြီး အစည်းအဝေးပေါင်း ၂၅ ကြိမ် ရှိခဲ့ပါတယ်။ ဒီအစည်းအဝေးတွေမှာ ကိုယ်စားလှယ်တွေက မေးခွန်းပေါင်း ၁၈၆၉ ခု မေးမြန်းခဲ့ပြီး လွှတ်တော်ထဲမှာ သက်ဆိုင်ရာတာဝန်ရှိသူကိုယ်တိုင် လာဖြေရမယ့် ကြယ်ပွင့်ပြမေးခွန်း ၁၂၇၃ ခု၊ စာနဲ့ပဲ ပေးပို့ ပြန်ဖြေဆိုလို့ရတဲ့ ကြယ်ပွင့်မပြမေးခွန်း ၅၉၆ ခု မေးမြန်းခဲ့ပါတယ်။ ကနောင်အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက “အခု လွှတ်တော်ထဲမှာ မေးခဲ့ကြတဲ့ မေးခွန်းအများစုက ဒေသဖွံ့ဖြိုးရေး မေးခွန်းတွေပဲ ဖြစ်နေတယ်။ မေးခွန်းမမေးခဲ့တဲ့ ကိုယ်စားလှယ်က ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌဆိုတော့ တင်လာတဲ့ ဘတ်ဂျက်တွေထဲမှာ သူ့မြို့နယ် ဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေကို စီစဉ်လုပ်ပေးနေနိုင်လို့ မမေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လွှတ်တော်တခုလုံးအနေနဲ့ ပြောမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးထက် Check and Balance လုပ်တဲ့မေးခွန်းတွေ၊ တိုင်းတခုလုံးကို လွှမ်းခြုံတဲ့ မေးခွန်းမျိုးတွေ မေးစေချင်တယ်” လို့ ပြောပါတယ်။ မေးခွန်းကဏ္ဍအလိုက် စိစစ်ရာမှာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍအတွက် မေးခွန်းပေါင်း ၃၂၈ ခုမေးလို့ အများဆုံးဖြစ်ပြီး လူမှုရေးကဏ္ဍအတွက် ၃၁၇ ခု မေးခဲ့တာကို တွေ့ရပါတယ်။ သာစည် မဲဆန္ဒနယ် ၁ က ကိုယ်စားလှယ်ဟာ မေးခွန်းပေါင်း ၁၃၉ ခု မေးခဲ့တာကြောင့် အများဆုံး ဖြစ်ပြီး သာစည် မဲဆန္ဒနယ် ၂ က ကိုယ်စားလှယ်ကတော့ မေးခွန်းပေါင်း ၁၀၄ ခုနဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဝမ်းတွင်းက ကိုယ်စားလှယ်တယောက်ကတော့ ကြယ်ပွင့်ပြမေးခွန်း တခုမှ မမေးခဲ့ဘဲ ကြယ်ပွင့်မပြ မေးခွန်းတွေချည်းပဲ ၉၃ ခု မေးခဲ့ပါတယ်။ အနည်းဆုံးမေးခဲ့သူတွေထဲမှာတော့ ကြယ်ပွင့်ပြမေးခွန်း ၁ ခု ‌မေးခဲ့သူ ၁ ယောက်၊   ၂ ခုမေးခဲ့သူ ၃ ယောက်ရှိတာကို တွေ့ရပါတယ်။ မန္တလေးလွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅၆ ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၁၉ ယောက်ရှိပြီး ဒီသက်တမ်းမှာ  တပ်မတော်သား ကိုယ်စားလှယ် ၂၁ ယောက် ကို အပြောင်းအလဲလုပ်ခန့်ထားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေထဲက ၁၀ ယောက်ဟာ မေးခွန်းပေါင်း ၄၀ မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလွှတ်တော်သက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းလာတဲ့ အဆို ၄၆ ခု တင်သွင်းခဲ့ပြီး အစိုးရက တင်သွင်းလာတဲ့ အဆိုကတော့ ၁၀ ခုရှိပါတယ်။ ဒီထဲက အဆိုတခုကတော့ တိုင်း ဝန်ကြီးတယောက် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း အဆိုဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းလာတဲ့အဆိုတွေထဲက အဆို ၂၅ ခုကိုပဲ လွှတ်တော်ကို တင်သွင်းခွင့်ပြုခဲ့ပြီး ဒီထဲက ၁၁ ခုကိုပဲ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ ဥပဒေ ၂၁ ခု၊ နည်းဥပဒေ ၁ ခု ပြဋ္ဌာန်းနိုင်ခဲ့ပြီး အများစုကတော့ ဘတ်ဂျက်နဲ့ဆိုင်တဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024