ဂျပန်ပြည်သူအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေး ကြိုးပမ်းမည်ဟု ဝန်ကြီးပြော
DVB
·
January 20, 2021
ဂျပန်ပြည်သူတွေ အမြန်ဆုံး ဘေးကင်းကင်းနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ တာရိုကိုနိုက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆူဂါက သူ့အနေနဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးဝန်ကြီး ကိုနိုကို အစိုးရရဲ့ ကာကွယ်ဆေး ဖြန့်ဖြူးရေးအပိုင်းမှာလည်း ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ပေးထားတယ်လို့ ပြောဆိုပြီးနောက်မှာ ကိုနိုရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာပါ။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဖေဖော်ဝါရီလကုန်မှာ စဖြန့်ဖြူးဖို့ ရည်မှန်းထားတယ်ဆိုပြီး ဝန်ကြီးချုပ်ဆူဂါက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ဒီလအစောပိုင်းက မြို့တော် တိုကျိုဝန်းကျင်ကနေ နောက်ထပ်စီရင်စု ၇ ခုအထိ အရေးပေါ်အခြေအနေ တိုးမြှင့် ထုတ်ပြန်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။