Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်တွင် မိုင်းကြောင့် သေဆုံးသူ ၂ ဆကျော်တိုး
DVB
·
January 19, 2021
ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်က မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲလို့ သေဆုံးသူဟာ ၂၀၁၉ တုန်းကထက် ၂ ဆကျော်ပိုများခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် အရေအတွက်ကတော့ ၄ ဆလောက် ပိုများပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့နဲ့  မနေ့က တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တုန်းက ရခိုင်ပြည်နယ်ဟာ မိုင်းဒဏ်အခံရဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ မိုင်းဒဏ် ခံစားရသူအရေအတွက်ဟာ  ၂၀၁၈-၁၉   ခုနှစ်က စလို့ များလာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှု ဖြစ်စဉ် ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးသူ ၁၉ ယောက်၊ ဒဏ်ရာရရှိသူ ၃၉ ယောက် ရှိတယ်လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ မိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေ ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်၊ ထိခိုက်သေဆုံးတဲ့ အရေအတွက်  ၄၅ ယောက်၊ ဒဏ်ရာရရှိသူ ၈၉ ယောက် ရှိတာကို မှတ်တမ်းတွေအရ သိရတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ ကလေးသူငယ် ထိခိုက် ခံစားရသူ အရေအတွက်ကတော့ ၂၀၁၉ ခုနှစ်မှာ ၁၇ ယောက်နဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ၆၄  ယောက်အထိ ရှိလာခဲ့တယ်လို့ ပြောပါတယ်။ မိုင်းထိဖြစ်စဉ်  အရေအတွက်တွေအရ  ၂၀၂၀ ပြည့်နှစ်မှာ မိုင်းဒဏ်သင့်ခံရတာ အများဆုံးဟာ ရခိုင် ပြည်နယ်ဖြစ်တာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဘက်စုံလွှမ်းခြုံတဲ့ ပညာရေးစီမံကိန်းမှာလည်း မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းကို ထည့်သွင်းထားပြီးဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ပြီးတော့ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းတွေ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရဲ့ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ လုပ်ငန်းစီမံချက်မှာလည်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကို ထည့်သွင်း ရေးဆွဲထားတယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်က မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၇ ယောက်၊  ၂၀၂၀  ပြည့်နှစ်က  ကျောက်တော်၊ မင်းပြား၊ အမ်းနဲ့ မောင်တောမြို့နယ်တို့က အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၁၃ ယောက်တို့ကို တယောက် ငွေကျပ် ၂ သိန်းနှုန်းစီ ထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။ မသန်စွမ်းသူတွေကို ထောက်ပံ့ဖို့ ရခိုင်ပြည်နယ်က ဖြစ်စဉ်တွေမှာ စာရင်းအမှန်တွေရရင်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။ နည်းပညာအကူအညီတွေကို UNICEF နဲ့ မိုင်းလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ရယူပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို မိုင်း အန္တရာယ် အသိပညာပေး လုပ်ငန်းနဲ့ ခြေတု၊ လက်တု တပ်ဆင်ပေးတဲ့ လုပ်ငန်းတွေမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ   ICRC  နဲ့ ပူးပေါင်းဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းပါတယ်။ ရခိုင် ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။                  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024