မြို့တော်စာနာက အမေရိကန်သံရုံးရှေ့မှာ ရာချီတဲ့ ယီမင်နိုင်ငံသားတွေ ဇန်နဝါရီ ၁၇ ရက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံရဲ့ မြို့တော်နဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီအုပ်စုကို အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်တဲ့ အမေရိကန်အစိုးရကို ပြစ်တင်ရှုတ်ချပါတယ်။
ဟူသီတွေကို ထောက်ခံသူတွေဟာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျကို ဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေကို ဟစ်ကြွေးရင်း သံရုံးခြံစည်းရိုးမှာ ပိုစတာတွေကို ချိတ်ဆွဲခဲ့ကြပါတယ်။
ဟူသီလှုပ်ရှားမှုအဖွဲ့နဲ့ သူတို့ရဲ့ ခေါင်းဆောင် ၃ ယောက်ကို ဒဏ်ခတ်ဖို့ အပါအဝင် အကွက်ရွှေ့မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာခဲ့တာပါ။
ဒဏ်ခတ်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရာထူး နောက်ဆုံးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ စပြီးအသက်ဝင်မှာလည်း ဖြစ်ပါတယ်။
ဒဏ်ခတ်တဲ့ အချက်တွေထဲမှာ ဟူသီတွေရဲ့ အမေရိကန်နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ အမေရိကန် နိုင်ငံသားတွေကို ဟူသီတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်ပိတ်ပင်တာ၊ ဟူသီ လှုပ်ရှားမှုကို ထောက်ပံ့ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်တာတွေ ပါပါတယ်။
ယီမင်နိုင်ငံအတွင်း လူအထူဆုံး နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေကို နာမည်ပျက်စာရင်း သွင်းတာဟာ ယီမင်ကို ဆယ်စုနှစ်အတွင်း ကမ္ဘာမှာ မမြင်ဖူးတဲ့အဆင့်ထိ ရောက်အောင် အငတ်ဘေးဆိုက်မယ့် အခြေအနေကို တွန်းပို့လိုက်တာပဲလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။