Homeမြန်မာသတင်း
ကိုဗစ်ဆေးဖြန့်ချိရာတွင် ကိုယ်ကျင့်တရားပျက်သုဉ်းမှု ချောက်ကမ်းပါးပေါ်ရောက်နေဟု WHO ပြော
ကိုဗစ်ဆေးဖြန့်ချိရာတွင် ကိုယ်ကျင့်တရားပျက်သုဉ်းမှု ချောက်ကမ်းပါးပေါ်ရောက်နေဟု WHO ပြော
DVB
·
January 19, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ဖြန့်ချိရာမှာ ကမ္ဘာကြီးဟာ ကြီးမားလှတဲ့ ကိုယ်ကျင့်တရား ပျက်သုဉ်းမှု ချောက်ကမ်းပါးပေါ် ရောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြီးအကဲက ဇန်နဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
ကမ္ဘာတလွှားမှာ နိုင်ငံတွေနဲ့ ကာကွယ်ဆေး ထုတ်လုပ်သူတွေဟာ ကာကွယ်ဆေးကို ပိုပြီး မျှမျှတတ မျှဝေသုံးစွဲကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
လာမယ့်လကစပြီး ကာကွယ်ဆေးထိုးပေးကြဖို့ WHO ရဲ့ ကာကွယ်ဆေး မျှဝေသုံးစွဲမယ့် အစီအစဉ် ကိုဗက်စ်က ရည်မှန်းထားလို့ တန်းတူညီမျှ ဖြန့်ဖြူးရေး အမြော်အမြင်ဟာ အသည်းအသန် ဘေးသင့်နေတယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရိုအဒါနွန်ဂေဘရီယေးဆပ်စ်က ပြောပါတယ်။
မနှစ်က ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် အပြန်အလှန် သဘောတူစာချုပ် ၄၄ ရပ်ကို လက်မှတ်ထိုးထားပြီး ဒီနှစ်မှာတော့ စာချုပ် ၁၂ ရပ် လက်မှတ်ထိုးပြီးပြီလို့လည်း သူက ပြောပါတယ်။
မိမိသာ ပထမချဉ်းကပ်မှုပုံစံကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ထိခိုက်မခံနိုင်ဆုံး နိုင်ငံတွေမှာ ဘေးသင့်နေတယ်လို့လည်း WHO ရဲ့ နှစ်စဉ် ကျင်းပနေကျ အမှုဆောင်ဘုတ်အဖွဲ့ အွန်လိုင်း အစည်းအဝေးအတွင်း ညွှန်ချုပ်က ဆက်ပြောပါတယ်။
ပိုပြီးကူးစက်နှုန်းမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇကွဲအသစ်တွေ ပျံ့နှံ့နေလို့ ကမ္ဘာတလွှားမှာ ကာကွယ်ဆေး ထိုးဆေးအတွက် အလုအယက် ကြိုးစားတာတွေ ပိုတိုးလာနေပါတယ်။
ဝင်ငွေမြင့်နိုင်ငံ ၄၉ နိုင်ငံမှာ ကာကွယ်ဆေး ထိုးဆေး ၃၉ သန်းကျော် ထိုးပေးပြီးချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံမှာ ထိုးဆေး ၂၅ လုံးပဲ ထိုးပေးပြီးသေးတယ်လို့လည်း သူက ဥပမာပေး ထောက်ပြသွားခဲ့ပါတယ်။