မြန်မာအလုပ်သမားတဦး ၅ ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး
DVB
·
September 18, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ စက်တင်ဘာ ၁၆ ရက်နေ့ညက မြန်မာအလုပ်သမားတဦး ငြမ်းစင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်က အသက် ၂၃ အရွယ် ကိုရဲထွန်းနိုင် ဆိုသူဖြစ်ပြီး ချင်းမိုင်စူပါဟိုက်ဝေးလမ်းမကြီးပေါ်က ဆန်ဒိတ်လမ်းဆုံ ၆ လွှာ ကုန်တိုက် တည်ဆောက်ရေး လုပ်ငန်းခွင်တခုမှာ ညဆိုင်းအလုပ်ဆင်းရင်း ၉ နာရီလောက်မှာ ၅ ထပ်လွှာ ငြမ်းစင်ပေါ်က ပြုတ်ကျပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေက ပြောပါတယ်။
ကိုရဲထွန်းနိုင်ဟာ လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးပစ္စည်းဖြစ်တဲ့ ခါးပတ်နဲ့ ဦးထုပ်ကို ဆောင်မထားလို့ ခုလိုဖြစ်ရကြောင်း အလုပ်သမားတဦးက ပြောဆိုပြီး လုပ်ငန်းခွင်မှာ ထိခိုက် သေဆုံးမှုအတွက် ထိုက်သင့်တဲ့လျော်ကြေးရရှိဖို့ မက်ပ်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။
ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ လုပ်ငန်းခွင်မှာ မတော်တဆ သေဆုံးမှုမှာ လူမှုရေးအာမခံကတ်ရှိရင် အသုဘစရိတ် ဘတ် ၄ သောင်းနဲ့ လုပ်အားခ ၈ နှစ်စာရဲ့ ၆၀ ရာခိုင်နှုန်း လျော်ကြေးပေးရမှာ ဖြစ်ပြီး လူမှုရေးအာမခံကတ် လုပ်မထားဘူးဆိုရင် သူလုပ်အားခရဲ့ အဆပေါင်း ၁၀၀ ကို အလုပ်ရှင်ဖြစ်သူက ပေးလျော်ရမယ်လို့ မက်ဖောင်ဒေး ရှင်းက ပြောပါတယ်။