Home
မြန်မာသတင်း
ဆရာ၊ ဆရာမများ တရားစွဲခံရမှု သက်ဆိုင်ရာဌာနများ အကူအညီမပေးဟု တာဝန်ရှိသူပြော
ပိုင်စိုး
·
January 18, 2021
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ တရားစွဲဆိုခံရချိန်မှာ သက်ဆိုင်ရာဌာနတွေက အကူအညီ မပေးကြဘူးလို့ မြန်မာနိုင်ငံ ဆရာဆရာမများ အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။ ချောင်းသာ အထက်တန်းကျောင်းက ဆရာမ ဒေါ်ခင်မျိုးမျိုးဟာ မဲရုံမှူးတာဝန် ထမ်းဆောင်ရင်း ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်လို့ ဆိုပြီး ရဲစခန်းမှာ တိုင်ကြားခံရလို့ ဒီနေ့ပဲ တရားရုံးမှာ အာမခံသွားရောက် လျှောက်ထားနေရပါတယ်။ “အခု တရားရုံးမှာပါ။ ရဲစခန်းက ဆင့်ခေါ်စာပို့တော့ ဒီနေ့ စခန်းကို သွားတယ်။ စခန်းရောက်တော့ ပုသိမ်တရားရုံးကို ခေါ်လာတာနဲ့ အာမခံလုပ်ဖို့ စောင့်နေတုန်းပါ” လို့ လိုက်ပါကူညီနေတဲ့ ဆရာကျော်နန္ဒက ပြောပါတယ်။ ပညာရေးဌာနက တရားစွဲဆိုခွင့်ပြုလိုက်တာကြောင့် ချောင်းသာနယ်မြေရဲစခန်းမှာ သူတပါး အယောင်ဆောင်မဲပေးတဲ့ ပြစ်မှု ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (ဇ)နဲ့ အမှုဖွင့်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ နေမကောင်းတဲ့ အမဖြစ်သူအစား ညီမက လာပေးတာကို မဲထည့်ခိုင်း ခဲ့တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က တိုင်ကြားခဲ့တာပါ။ ဆရာမ ဒေါ်ခင်မျိုးမျိုးက “အဲဒီနေ့က ကိုယ်စားမဲလာပေးတယ်ဆိုတာကို လွှတ်တော် ၂ ခုအတွက် မဲပေးပြီးချိန်ကျမှ ကျမတို့ (မဲရုံတာဝန်ကျ) ဆရာမတွေကပဲ သိလို့ အော်တာ။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ရပ်ကျေးကော်မရှင်ကို မေးတယ်။ သူတို့က မဲမညီမှာစိုးလို့ ဆက်ထည့်ခိုင်းတယ်။ ကျမလည်း ကော်မရှင်ကတော့ ဒီလိုပြောတယ်။ မဲဆက်ထည့်ခိုင်းမှာမို့ ကန့်ကွက်မယ့်သူရှိလား လို့ မေးတယ်။ ကန့်ကွက်မယ့်သူမရှိလို့ ထည့်ခိုင်းခဲ့တာ” လို့ ပြောပါတယ်။ အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ဟာ အထဲမှာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ “ရပ်ကျေး ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က မဲရုံထဲမှာ မဲရုံမှူးက လတ်တလော ဖြေရှင်းလိုက်တဲ့ ကိစ္စတွေဟာ ကြိုတင်ကြံစည်တာမဟုတ်ရင် ပြစ်မှုမမြောက်ဘူးလို့ ပြောထားခဲ့တာ ရှိတယ်။ ကျမကို တရားစွဲမယ်ဆိုတော့ ကျောင်းအုပ်ဆရာမကြီးက သူ့ကို ခေါ်ပြီး ပြောတဲ့အချိန်မှာ လည်း ဒီစကားပဲ ပြောတယ်။ ဒါပေမယ့် အခုတော့ တရားရုံးကို ရောက်နေပြီလေ” လို့ ပြောပါတယ်။ ကျောင်းအုပ်ဆရာမကြီးက ရဲစခန်းကို သွားတဲ့အချိန်မှာ လိုက်ပြီး ကူညီပေးဖို့ ကော်မရှင် တာဝန်ရှိသူတွေကို ပြောပေးခဲ့ပေမယ့် တကယ်တမ်းတော့ တယောက်မှ မလိုက်ကြဘူးလို့လည်း ဆိုပါတယ်။ အဲဒီမဲရုံမှာ မဲပေးသူ ၁၆၀၀ ကျော်ရှိပြီး အန်အယ်လ်ဒီပါတီက မဲ ၁၄၀၀ ဝန်းကျင်နဲ့ ပြည်ခိုင်ဖြိုးက ၁၀၀ ဝန်းကျင်ရခဲ့တယ်လို့ ဆိုပါတယ်။ အခု ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်က လိုက်ပါကူညီနေပါတယ်။ ဆရာဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဇော်မျိုးလှိုင်က  “ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး ပြောသွားတာက ဒီလိုအမှုတွေကို ပညာရေးဝန်ကြီးဌာနက အကူအညီပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုတယ်။ တကယ်တမ်း ကျနော်တို့ မြေပြင်ကို ဆက်ကြည့်တော့ ဘာမှ ကူညီတာ မတွေ့ရဘူး။ ပြောထားတာကို မကြားမိတာလား အံ့သြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပညာရေး ဝန်ကြီးကို ဒီကိစ္စ မေးကြတော့ ရှေ့နေချုပ်ရုံးကို အကူအညီတောင်းထားတယ်လို့ ပြောတယ်။ တကယ်ဖြစ်လာချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းနေရတာတော့ မကောင်းဘူး” လို့ ပြောပါတယ်။ ချောင်းသာက ရွေးကောက်ပွဲ ကိစ္စမှာတော့ မဲပေးခဲ့သူ မိန်းကလေးနဲ့ ရပ်ကျေးကော်မရှင်ကိုလည်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီလိုအမှုဖွင်ခံရတာဟာ ညောင်ဦးနဲ့ ပျော်ဘွယ်မှာလည်း ဖြစ်ခဲ့ပြီး ညောင်ဦးကိစ္စကတော့ အဆက်သွယ်မရသေးဘူးလို့ ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။ ပျော်ဘွယ်မြို့နယ် ပျော့ကုန်းကျေးရွာအုပ်စု မဲရုံ ၂ မှာ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ဒေါ်ခင်မာရီကို ပြည်ခိုင်ဖြိုးပါတီ မဲရုံ ကိုယ်စားလှယ်က တရားစွဲဆိုထားတာပါ။ သူဟာ ကြိုတင်မဲပေးတဲ့နေ့က မဲဆွယ်ပါတယ်ဆိုပြီး ရွေးကောက်ပွဲ ဥကဒေပုဒ်မ ၆၁ (က) နဲ့ တရားစွဲခံထားရပြီး ဒီနေ့ အထိ ရုံးချိန်း ၄ ကြိမ် ရင်ဆိုင်ထားရပါတယ်။ “မနက်ဖြန် ရုံးချိန်းရှိတယ်။ အခုထိ လူ ၆ ယောက် စစ်ထားတာမှာ ကျမ မဲဆွယ်ပါတယ်လို့ တယောက်မှ မပြောကြဘူး။ အဲဒီနေ့ကလည်း ကျမနဲ့ အိမ်သားက ကြိုတင်မဲပေးဖို့သွားပြီး အဲဒီမဲစာရင်းတွေက ကျမမဲရုံကို လာမှာမို့လို့ အလုပ်ကိစ္စနဲ့ ထိုင်စောင့်နေခဲ့တာပဲ ရှိတယ်။ အခုအချိန်ထိတော့ ဆရာများအဖွဲ့ချုပ်က အကူအညီပေးနေပါတယ်။ တခြားဌာနဆိုင်ရာက အကူအညီပေးတာ မရှိပါဘူး” လို့ ပြောပါတယ်။ ဒီကိစ္စတွေအပေါ် ဒေါက်တာ ဇော်မျိုးလှိုင်က “တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ဆွမ်းခံရင်း ငှက်သင့်ကြတာ။ ရွေးကောက်ပွဲတွေမှာ အများဆုံး တာဝန်ထမ်းဆောင်ကြရတာက ဆရာ ဆရာမတွေပါ။ ဒါကြောင့် တာဝန်ထမ်းဆောင်ရင်း အခုလို ကြုံလာရချိန်မှာ လိုအပ်တာ အားလုံးကို ကူညီပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရဌာနတွေကို ပြောချင်တယ်” လို့ ဆိုပါတယ်။ မဲရုံမှူးတာဝန်ကျ ဆရာ ဆရာမတွေအပေါ် တရားစွဲဆိုဖို့ ကြိုးစားတာ နောက်ထပ်ရှိသေးပြီး ညှိနှိုင်းပြေလည်ခဲ့ကြတယ် လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024