ဇီးကုန်း လက်ဆည် အမက ကျောင်းကို ယာယီဆေးရုံဖွင့်လှစ်
DVB
·
January 18, 2021
စစ်ကိုင်းတိုင်း၊ ဇီးကုန်းမြို့ကနေ ပိုးတွေ့ လူနာတွေကို ကန့်ဘလူမြို့နယ်ဆေးရုံ ပို့တဲ့အခါမှာ နေရာအခက်ခဲနဲ့ စောင့်ရှောက်မှုပိုင်း မလုံလောက်တဲ့အတွက် လက်ဆည် အမက ကျောင်းကို ဇန်နဝါရီ ၁၆ ရက်ကစပြီး ယာယီဆေးရုံဖွင့်လိုက်တယ်လို့ ဇီးကုန်းမြို့ CBFQ တာဝန်ရှိသူ ကိုမျိုး(အလင်းတန်း) က ပြောပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံမှာ တိုက်နယ်ဆေးရုံက ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတဦးကနေ နေ့စဉ် သွေးပေါင်ချိန်တိုင်းတာ၊ ကိုယ်ပူချိန်တိုင်းတာနဲ့ အောက်ဆီဂျင်တိုင်းတာတွေ ပြုလုပ်ပေးသွားမယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ လူနာတွေ အရေးပေါ်ဖြစ်လာခဲ့ပါက အောက်ဆီဂျင်ရှူဖို့ စက်မရှိတာကြောင့် ကန့်ဘလူမြို့နယ် ဆေးရုံပို့ဖို့ ကားတွေကို အရန်သင့်စီစဉ်ထားတယ်လို့ ဇီးကုန်းမြို့ CBFQ တာဝန်ရှိသူ ကိုမျိုး(အလင်းတန်း) က ပြောပါတယ်။
ဇီးကုန်းမြို့ လက်ဆည် အမက ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံဟာ လူနာ ၂၄ ဦးအထိ ထားနိုင်မှာဖြစ်ပြီး ၁၇ ရက်နေ့ထိ ပိုးတွေ့လူနာ ၁၁ ဦးနဲ့ အနံ့ပျောက်လူနာ ၂ ဦးကို ကုသပေးနေတယ်လို့ သိရပါတယ်။