Home
မြန်မာသတင်း
ပြန်နေရာချပေးမည့်အိမ်များ မိုးမကျမီ အမြန်ဆောက်ပေးရန် စစ်ရှောင်များ တောင်းဆို
DVB
·
January 18, 2021
စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြန်လည်နေရာချထားပေးမယ့် နေအိမ်တွေကို မိုးမကျမီ အမြန်ဆုံးတည်ဆောက်ပေးဖို့ မြိုင်ကြီးငူစစ်ဘေးရှောင်ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသက စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိနေထိုင်တဲ့ နေအိမ်တွေဟာ ပျက်စီးယိုယွင်းနေပြီဖြစ်လို့ မိုးတွင်းကာလမှာ  လုံခြုံမှုမရှိတော့တဲ့အတွက် မြေကွက်ဖော်ထုတ်ပြီး အမြန်ဆုံးနည်းနဲ့ အိမ်တွေဆောက်ပေးဖို့ တောင်းဆိုနေကြတာပါ။ ကရင်ပြည်နယ်အစိုးရက ယာယီစစ်ဘေးရှောင်စခန်းကို ပြန်လည်ပိတ်သိမ်းတော့မှာဖြစ်တဲ့ အတွက် စစ်ရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို စီမံဆောင်ရွက်နေတာပါ။ စစ်ဘေးရှောင် ဒေါ်မူမူက “စစ်ရှောင်ပြည်သူတွေအတွက် အိမ်မြန်မြန်လေး ပြီးစေချင်တယ်။ သူတို့က စခန်းပိတ်သိမ်းရေးလုပ်မယ်ဆို အမြန်ဆုံးပြန်ပြောင်းချင်တယ်။ ဘာဖြစ်လိုလဲဆို  ဒီမိုးတွင်းကျမှ ပြန်ပြောင်းလာမယ်ဆို လက်ရှိနေတဲ့နေရာမှာ အခက်အခဲ ရှိတယ်” ပြောပါတယ်။ မြေနေရာဖော်ထုတ်ရာမှာ မြိုင်ကြီးငူဆရာတော်ရဲ့ စက်ယန္တရားတစ်စီးတည်းနဲ့ လုပ်ဆောင်နေရတဲ့အတွက် စက်ယန္တရားလိုအပ်ချက်တွေ ရှိနေတယ်လို့ မြေနေရာဖော်ထုတ်ရေးမှာ ပါဝင်တဲ့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးထွန်းက ပြောပါတယ်။ “လောလောဆယ် အစိုးရက ဆီပဲ ထောက်ပံ့ပေးသေးတယ်။ လက်တလော အခက်အခဲက ကားပျက်တဲ့အချိန်မှာ ဘာမှလည်း လုပ်မရတော့ဘူး။ ကားကတော့ပျက်နေပြီး လူကြီးကတော့ ဘယ်လိုစီမံပေးမလဲ မသိဘူး။” လုပ်ငန်းအမြန်ပြီးစီးနိုင်ဖို့က စက်ယန္တရားတွေလိုအပ်သလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်နေရတဲ့အတွက် လုပ်ငန်းပြီးစီးဖို့ ခန့်မှန်းရခက်တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောပါတယ်။ “လောလောဆယ်တော့ စက်ယန္တရားတွေနဲ့ မြေရိုင်းရှင်းလင်းရေးပဲ ရှိပါသေးတယ်။ ဒီနှစ်ထဲမှာ ပြီးနိုင်ဖို့က စက်ယန္တရားတွေရဲ့ အင်အားလိုတာပေါ့။ စက်ယန္တရားကိုင်တွယ်တဲ့လူတွေ Social Distancing ကလည်း ရှိတယ်။ ညွှန့်ကြားချက်နဲ့အညီ လုပ်ရတယ်ဆိုတော့ အလုပ်ကတော့ မှန်းလို့မရသေးဘူး။”  ပြန်လည်နေရာချထားရာမှာ ‌မြေဧက ၁၁ ဧကပေါ်မှာ ပေ ၄၀၊ ပေ ၆၀ မြေကွက် ပေါင်း ၁၀၀ ကျော်ဖော်ထုတ်ပြီး  အိမ်ထောင်စု ၁၀၀ ကျော်အတွက် နေအိမ်တွေဆောက်လုပ်ပေးမှာဖြစ်သလို စားနပ်ရိက္ခာတွေပါ ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ၂၀၁၆ ခုနှစ်က ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တပ်မတော်ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၈ ရွာက အိမ်ထောင်စုပေါင်း ၇၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ဟာ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာ ဒီကနေ့အထိ  ခိုလုံနေရပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024